ကလေးမြို့နယ်တွင် ငါးရှာသွားသည့် ၈ တန်းကျောင်းသား မိုင်းနင်းမိ၍ သေဆုံး

ကလေးမြို့နယ်တွင် ငါးရှာသွားသည့် ၈ တန်းကျောင်းသား မိုင်းနင်းမိ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ် ရှစ်တန်း ကျောင်းသားတစ်ဦး ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်က မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း ခဏတာအရိပ် ဆေးရုံ – Prometheus ထံမှ သိရသည်။

အဆိုပါနေ့တွင် ကျောင်းပိတ်သည့်အတွက် ထိုကျောင်းသားအပါအဝင် သူငယ်ချင်း ၄ ဦးသည် ရွာနှင့် မလှမ်း မကမ်းရှိ ငါးရရှိနိုင်မည့် အိုင်များနှင့် ကန်များရှိရာဘက်သို့ သွားရောက်စဉ် ယခုကဲ့သို့ မိုင်းနင်းမိခြင်း ဖြစ်သည်။

ခဏတာအရိပ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးကျော်က “လူနာက ဖြစ်စဉ်ပြီးတော့ ကျနော်တို့ဆီကို နှစ်နာရီကျော်လောက်ကြာမယ်။ နှစ်နာရီကျော်လောက်ကြာမှ ရောက်လာတယ်။ အဓိက အခက်အခဲကတော့ လမ်းခရီးအခက်အခဲပါပဲ” ဟု ပြောသည်။

ဆေးရုံသို့ ရောက်ရှိချိန်တွင် လူနာမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သတိလစ်မေ့မြောလုနီးပါး ဖြစ်နေသည့် အပြင် သွေးထွက်လွန်ထားသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆေးရုံရှိ ဆရာဝန်များက အရေးပေါ် အသက်ကယ်ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သက်သာလာခြင်းမရှိဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာများမှာ ယခင်က စစ်အုပ်စုတပ်က စစ်ကြောင်းထိုးခဲ့သည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ မိုင်းကာခဲ့ဖူးသကဲ့သို့ စစ်အုပ်စုတပ်ဘက်ကလည်း စစ်ကြောင်းဝင်ရောက်လာပြီး မိုင်းများ ထောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က နယ်မြေပြန်လည်စိုးမိုးနိုင်ခဲ့သည့်အတွက် ထောင်ထားသည့် မိုင်းများကို ပြန်လည်ရှင်းလင်းခဲ့ပြီး စစ်အုပ်စုတပ် ချန်ထားခဲ့သည့် မိုင်းများ ရှိနိုင်သည့် နေရာများကိုလည်း လိုက်လံရှင်းလင်းခဲ့သည်။

ဒေါက်တာဖြိုးကျော်က “သိရသလောက်ကတော့ တော်လှန်ရေးအဖွဲ့ကလည်း ပြောထားတယ်။ အဲ့ဒီမှာ ရှင်းပြီး သွားပြီ ဆိုပေမယ့် မိုင်းကြွင်းမိုင်းကျန်တွေ ရှိနိုင်တယ်ပေါ့နော်။ ရှိနိုင်တယ်။ အဲ့ဒီနေရာလေးတွေတော့ မသွားဖို့ ပေါ့။ ဆိုလိုတဲ့သဘောက ယာခင်းလုပ်တဲ့နေရာ သွားတဲ့လမ်းမှာရှိတယ် ဆိုပေမယ့် ယာလုပ်တဲ့သူတွေက အဲ့ဒီ ရှိနိုင်တဲ့နေရာတွေ ရှောင်သွားရတာပေါ့နော်။ ရှောင်သွားတယ်။ သူလည်း အဲ့ဒီနေ့က ဒီပုံမှန်သူငယ်ချင်းတွေ သွားတဲ့နေရာမဟုတ်ဘဲ သူက အဲ့ဒီနေရာ အဲ့ဒီလမ်းကို သွားလိုက်တယ်ပေါ့နော်။ အဲ့ဒီလိုတော့ကြားတယ်။ အဲ့ဒီကနေဖြစ်တာပေါ့” ဟု ဆက် ပြောသည်။

ယခုကဲ့သို့ မိုင်းနင်းမိ၍ ဆေးရုံသို့ ရောက်ရှိလာသည့် အရပ်သားလူနာ ၃ ဦးအထိ ရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ရသည့် အပြင် မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်များလည်း ရှိနေသဖြင့် မိုင်းအန္တရာယ်ရှိနိုင် သည့် နေရာများကို သက်ဆိုင်ရာက သတိပေးထားပါက မဖြစ်မနေ ရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမ ၆ လတာအတွင်း မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ (EO) ကြောင့် ဖြစ်ပွားသည့် ဖြစ်စဉ် စုစုပေါင်း ၃၂၇ ခု ရှိခဲ့ပြီး အရပ်သား ၄၈၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း UNICEF Myanmar ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

Most read this week

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...