စစ်အုပ်စု သင်္ဘောပေါ်မှ ဖမ်းဆီးရမိသူများကို ဥပဒေအတိုင်း ထိန်းသိမ်းထားဟု KIO ပြော

စစ်အုပ်စု သင်္ဘောပေါ်မှ ဖမ်းဆီးရမိသူများကို ဥပဒေအတိုင်း ထိန်းသိမ်းထားဟု KIO ပြော
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ ထားသည့် သုံ့ပန်းများကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စု၏ သံခွန်အပါအဝင် စစ်သင်္ဘောများကို ရွှေကူနှင့် ဗန်းမော်ကြား၌ KIA က တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် လူဦးရေ ၁၀၀ ကျော် လက်နက်ချခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိထားသည့် သုံ့ပန်းများအနက် စစ်သားနှင့် အရပ်သား ခွဲခြားနိုင်ရန် လက်ရှိအချိန်အထိ စစ်ဆေးလျက်ရှိ ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အမျိုးအစားလိုက်၊ တစ်ဆင့်ပြီးတစ်ဆင့် အားလုံးခွဲခြားသိရှိနိုင်အောင် စစ်ဆေးနေပါတယ်။ နောက်ပြီးတော့ ကမ္ဘာ့စစ်သုံပန်း တရားဥပဒေအတိုင်း လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်။ အားလုံးကစစ်သား ဟုတ် မဟုတ် ခွဲခြားသိရှိစေဖို့ စစ်ဆေးနေကြဆဲဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖမ်းဆီးရမိသူများထဲတွင် ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်ပြီး အထက်အမိန့်အရ စစ်မိန့်ကို မလွန်ဆန်နိုင်သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက မိသားစုများကိုပါ ခေါ်ဆောင်လာခြင်း ဖြစ်နိုင်သည့်အတွက် တပ်မိသားစုဝင်များလည်း ပါဝင်နိုင်ကြောင်း သုံးသပ်ထားသည်။

ထို့ပြင် ဖမ်းဆီးခံရသူများအနက် အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိ လူငယ် ၂၆ ဦး ပါဝင်ပြီး ၎င်းတို့မှာ စစ်မှုထမ်း ဥပဒေကြောင့် အတင်းအဓမ္မ စုဆောင်းခံရသူများဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသူ ၁၀၀ ကျော်အနက် အိမ်ထောင်သည် အမျိုးသမီး ၁၇ ဦးနှင့် ကလေးငယ် ၈ ဦး ပါဝင်နေသည့်အတွက် ပြည်သူအများစု စွန့်ခွာသွားကြပြီဖြစ်သော ဗန်းမော်မြို့တွင် ပြန်လည်နေထိုင်နိုင်ရေး စစ်အုပ်စုတပ်က အကောင်အထည်ဖော် ဆောင်ရွက်လာခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ထားသည်။

လက်ရှိတွင် ရွှေကူမြို့နယ်၊ KIA တပ်မဟာ (၁၁)၊ တပ်ရင်း (၁၂) နယ်မြေဘက်၌ KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ငါးအိုးကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စု၏ တပ်မ (၃၃) တပ်ဖွဲ့များသည် KIA ပူးပေါင်းတပ်များ ရှိရာသို့ မြေပြင်ထိုးစစ်များအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ နေ့စဉ် ပြုလုပ်လျက်ရှိသည်။

စစ်အုပ်စု၏ လက်နက်၊ ရိက္ခာနှင့် စစ်သည်များ တင်ဆောင်လာသည့် သင်္ဘောများ ရွှေကူဘက်သို့ ဆန်တက် လာသည့် ဩဂုတ်လ ၂၈ ရက်မှ စတင်ကာ ယနေ့အထိ တိုက်ပွဲများ အရှိန်ဟုန်မပျက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ စစ်သင်္ဘော ၁၅ စီးအနက် ၈ စီးကို KIA က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ၇ စီးမှာမူ ဗန်းမော်မြို့သို့ ရောက်ရှိ သွားခဲ့သည်။

ထို့ပြင် စစ်အုပ်စု၏ သင်္ဘော ၃၁ စီးသည် စက်တင်ဘာလ ၅ ရက်တွင် ဂေါ်ဝန်ဆိပ်ကမ်းမှ ကချင်ပြည်ဘက်သို့ ထပ်မံဆန်တက်လာနေသဖြင့် ဧရာဝတီမြစ်ကမ်းဘေးနှင့် ကျွန်းပေါ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိပြုကြရန် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်သင်္ဘောများသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ထီးချိုင့်မြို့နယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါအထဲမှ တိုက်သင်္ဘော ၃ စီးနှင့် သံခွန် ၁ စီးမှာ ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်နေသည်။

ဗန်းမော်မြို့ရှိ စစ်အုပ်စုတပ်၏ အခြေစိုက်စခန်း ၂၀ ခန့်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ စတင်ကာ KIA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ခဲ့ရာ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အချို့နေရာများကို ပြန်လည်လက်လွှတ်ခဲ့ရပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...