ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း အနီးဝန်းကျင်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက “တိုက်ပွဲဖြစ်နေတာက ၃ ရက်လောက်ရှိပြီ။ စကမ ဖက်က လည်း ဒရုန်း၊ ပါရာမိုတာ တခါတည်းပစ်ကူယူလို့ ထိုးစစ်ဆင်တာ။ အာရက္ခတပ်တော်ကလည်း တန်ပြန် ထိုးစစ် ဆင်တာ။ ဒါပေမဲ့ စကမစစ်ကြောင်းက ပွိုင့် ၆၆၆ ကိုမရောက်ဘူး။ လမ်းမှာဖြစ်နေကြတာ” ဟု ပြောသည်။
မသုန် ကပစ (၁၆) မှ ထွက်လာသည့် စစ်အုပ်စုတပ်စစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် ပွိုင့် ၆၆၆ နှင့် ကပစ (၁၆) အကြားတွင် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
အလားတူ ကပစ (၁၆) နှင့် အနီးဆုံးဖြစ်သော ပွိုင့် ၅၀၀ ကုန်း ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။
တစ်ဆက်တည်းတွင် စစ်အုပ်စုတပ်သည် ဆင်လန်မှ ထောက်ပံ့ကူညီမှုများ ပေးပို့၍ လေလာတောင်မှတစ်ဆင့် ညောင်ကျိုးသို့ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲမှာ အလွန် ပြင်းထန်နေခြင်းဖြစ်သည်။
အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က “ညောင်ကျိုးဖက်မှာလည်း တိုက်ပွဲဖြစ်နေတာ ၂ ရက်လောက်ရှိပြီ။ အရင်တိုက်ပွဲနဲ့ မတူဘူး။ ပြင်းထန်တယ်။ စကစဖက်ကလည်း အင်အား ၂၀၀ ခန့်ပါတယ်။ နောက်မှာလည်း ဆင် လန်က စစ်ကူလက်နက်ကြီး ထောက်ပို့ပေးတယ်” ဟု ဆက် ပြောသည်။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိခိုက်အကျအဆုံး အခြေအနေများကို မသိရသေးသလို တိုက်ပွဲမှာ အပြိုင်အဆိုင် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဓါတ်ပုံ - (ပဲခူးစစ်မျက်နှာပြင်ရှိ အာရက္ခတပ်တော် (AA) ရဲဘော်အချို့ / AA Info Desk - ပုံဟောင်း)







