ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန် ပြဋ္ဌာန်းခြင်းသည် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး စိတ်ဝမ်း ကွဲပြားစေကြောင်း ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (GKO) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်တွင် ၁၂ တန်း (G-12) မြန်မာစာကို ရခိုင်ဘာသာ သင်ရိုးသစ်ဖြင့် ဩဂုတ်လမှ စတင်ကာ သင်ကြားပေးနေခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ် နှင့် ပတ်သက်၍လည်း ပလက်ဝဒေသခံများက ဝေဖန်လျက်ရှိသည်။
ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါဘဲ ၎င်းတို့အလိုကျ အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာရောက်သဖြင့် အာရက္ခတပ်တော် (ULA/AA) ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း GKO ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ပလက်ဝဒေသခံ ခူမီးချင်းလူမျိုးတစ်ဦးက “ရခိုင်သင်ရိုးဆိုပေမယ့် ဗမာစကားလုံးပဲ ဆိုတော့ အသံထွက်ရ ရင် သင်ယူရတာတော့ အခက်ခဲမရှိကြပေမယ့် ဒါက ခူမီးချင်းတွေအနေနဲ့ ဘယ်လိုမှ လက်ခံလိုမရဘူး။ ဒေသခံတွေ က လက်မခံဘူး။ ဒါပေမယ့် ဟိုက လက်နက်ကိုင်ဆိုတော့ ကြောက်လိုသာ ငြိမ်နေရတဲ့ အနေထားမျိုးပါ” ဟု ပြောသည်။
ဩဂုတ်လမှစ၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနက အသစ်ရေးဆွဲထား သည့် ၁၂ တန်း မြန်မာစာ ပြဋ္ဌာန်းစာအုပ်ကို ရခိုင်ဘာသာဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စတင်သင် ကြားနေခြင်းမှာ လူမျိုးရေးအရ လွှမ်းမိုးလိုစိတ် ပြင်းထန်လွန်းကြောင်း ဒေသခံများက ထောက်ပြကြသည်။
ထို့ပြင် “ခူမီးတွေ အများစုနေထိုင်တဲ့ နေရာတွေမှာခူမီးစာသင်တာတွေတော့ရှိပါတယ် ဒါပေမယ့် အခုလို ချင်း ပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပလက်ဝမြိုနယ်မှာ ရခိုင်ဘာသာသင်ရိုးသစ်နဲ့ အစားထိုးလာတာဟာ လူမျိုး ရေး အရမ်းလွှမ်းမိုးချင်လာတာဖြစ်လို လက်ခံလိုမရဘူး” ဟု အဆိုပါ ခူမီးချင်းလူမျိုးတစ်ဦးက ဆက်ပြောသည်။
၁၂ တန်း မြန်မာစာကို အစားထိုးရေးဆွဲထားသည့် ရခိုင်ဘာသာ သင်ရိုးသစ်တွင် ရှေးခေတ်မှ ယနေ့ခေတ်အထိ ရခိုင်စာပေပညာရှင်များ ရေးသားခဲ့သည့် ရခိုင်ပြည်၊ ရခိုင်လူမျိုးနှင့် သက်ဆိုင်သော သမိုင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ သုတ၊ ရသ စသည့် ဂန္ထဝင်မြောက် စာပေများကို ရခိုင်ဘာသာစကားဖြင့် သင်ယူရန် ထည့်သွင်းထားခြင်း ဖြစ်သည်။







