လက်လီဆန်ဈေးကွက်အတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ အထိ ဈေးထပ်မံမြင့်တက်

လက်လီဆန်ဈေးကွက်အတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ အထိ ဈေးထပ်မံမြင့်တက်
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI

လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ အတွင်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ၁,၀၀၀၀ ဝန်းကျင်အထိ ထပ်မံမြင့်တက်နေကြောင်း လက်လီဆန်အရောင်းဆိုင်များထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၅,၀၀၀ ဝန်းကျင် ဈေးတက်ပြီး ဆန်ချော ၂၄ ပြည်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၁၀,၀၀၀ ဝန်းကျင် ဈေးထပ်တက်သွားခြင်းဖြစ်သည်။

နေပြည်တော်ရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက “နည်းနည်း ကလေးတွေကလည်း ကုန်ဈေးနှုန်းကလည်း မြင့်နေတော့ သူတို့(ဝယ်ယူသူ)လည်း မိသားစုစားဝတ်နေရေးက ကုန်ဈေးနှုန်းက တက်တယ်။ သူတို့လည်း ဆန်ဈေးတွေကို နည်းနည်းနိမ့်တာလေးတွေ ပြောင်းစားကြတာပေါ့” ဟု ပြောသည်။

ပြင်ပလက်လီဈေးကွက်တွင် ပထမတန်းစား ပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ယခင် ကျပ် ၂၃၀,၀၀၀ ကျော်ရှိ ရာမှ လက်ရှိတွင် ကျပ် ၂၄၀,၀၀၀ ခန့်အထိ ရှိလာပြီး၊ မနောသုခ ဆန်ကြမ်းတစ်အိတ်လျှင် ယခင် ကျပ် ၈၄,၀၀၀ မှ ယခု ကျပ် ၉၀,၀၀၀ အထိ မြင့်တက်လာသဖြင့် ပြည်သူများအနေဖြင့် ဈေးသက်သာသည့် ဆန်အမျိုးအစား များကို ပြောင်းလဲဝယ်ယူလာကြသည်။

အလားတူ ရန်ကုန်မြို့ရှိ ဆန်ရောင်းချသူတစ်ဦးကလည်း စက်သုံးဆီဈေးနှင့် စိုက်ပျိုးရေးစရိတ်များ မြင့်တက် ခြင်း၊ ရာသီဥတုဖောက်ပြန်၍ စပါးအထွက်နှုန်း နည်းသွားခြင်းတို့ကြောင့် ဆန်ဟောင်းများ ဈေးတက်လာရခြင်း ဖြစ်ကြောင်း ထောက်ပြသည်။

၎င်းက “တချို့ကျတော့လည်း စရိတ်တွေကြီးတာပေါ့။ အခုကျတော့ စက်သုံးဆီဈေး၊ လယ်သမားဆိုတာက ဒီတခုတည်းပြီးတာမှ မဟုတ်တာ။ ဒီလယ်လုပ်ဖို့အတွက် စက်မောင်းရတယ်။ စက်မောင်းဖို့အတွက် ဒီဇယ် ကုန် တယ်။ စက်တွေကလည်း သူက ဝယ်ရတာဈေးကြီးတယ်။ ကြီးတော့ စရိတ်တွေက ဝင်တာပေါ့။ ဥပမာဆိုရင် လယ်ထဲမှာ ပက်ရမယ့် ထည့်ရတဲ့အသီးအားဆေးတွေ အခုက ဈေးက တအားကြီးတယ်လေ” ဟု ပြောသည်။

မန္တလေး လက်လီဈေးကွက်တွင်လည်း ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ဆန်ဈေးများ ဆက်တိုက်မြင့်တက်နေသဖြင့် ဝယ်ယူသူပါးနေပြီး အရောင်းအဝယ် အအေးစက်ဖြစ်နေသည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဆန်ဈေးအပြင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ အထိ ရှိလာသလို၊ ထိုင်းနိုင်ငံမှ ဝင်ရောက်သည့် လူသုံးကုန် မုန့်များနှင့် အအေးများပါ ဈေးနှုန်း အဆမတန် မြင့်တက် နေသည်။

မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေ ၁၂ ဒသမ ၄ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ဝင်ငွေနည်းပါးသည့် မိသားစုများ အခြေခံ စားသောက်ကုန်များ ကိုပင် ဝယ်ယူရန် လက်လှမ်းမမီသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...