မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို တော်လှန်ရေး တပ်ဖွဲ့ များထံ သတင်းပေးပို့နေသည်ဟု စွပ်စွဲကာ စစ်အုပ်စုတပ်က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်ပြီး ရော်ဘာစေး ခြစ်သည့် အလုပ်ဖြင့် အသက်မွေးနေကြသည့် အသက် ၃၁ နှစ်အရွယ် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူနှင့် ဇနီးဖြစ်သူ မဖြူဖြူအောင် (ခ) မဖြူတို့ကို စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အုပ်စုတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “သူတို့က တော်လှန်ရေးအဖွဲ့တွေထံကို စစ်တပ်သွားလာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ သတင်း ပေးတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ဇနီးမောင်နှံမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြပြီး ပိန္နဲတောကျေးရွာဘက်ရှိ ရော်ဘာခြံများတွင် ရော်ဘာစေး လိုက်ခြစ်နေသူများ ဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ အဆိုအရ အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် သံဖြူဇရပ်မြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းများ လှုပ်ရှားသွားလာမှုကို KNLA နှင့် PDF တပ်ဖွဲ့များထံ သတင်းပေးပို့ခြင်း၊ KNLA/PDF အဖွဲ့များ ရောက်ရှိနေသည်ကို သိရှိပါလျက် သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်း မရှိသည့်အတွက် ဖမ်းဆီးရခြင်းဖြစ် ကြောင်း ဆိုသည်။
လက်ရှိတွင် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူနှင့် ဇနီး မဖြူဖြူအောင် (ခ) မဖြူတို့နှစ်ဦးကို သံဖြူဇရပ်မြို့မ ရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က ဖြင့် အမှုဖွင့် အရေးယူထားသည်။
သံဖြူဇရပ်မြို့နယ် အပါအဝင် မွန်ပြည်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်နေသည်ဟုဆိုကာ အရပ်သားပြည်သူများကို စစ်အုပ်စုတပ်က ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး နှစ်ရှည်ထောင်ဒဏ်များ မကြာခဏ ချမှတ်လေ့ရှိသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်ရေးသားခဲ့သည်ဟူသော စွပ်စွဲ ချက်ဖြင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း အရပ်သားပြည်သူ ၃ ဦးကို စစ်အုပ်စုက ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။







