စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ် စစ်ကြောင်း၏ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း ချောင်းဦး ဒေသခံများက ပြောသည်။
သေဆုံးသူများမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး တို့ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းဒေသခံက “စစ်တပ်က ရမ်းသန်းပစ်တာပေါ့ဗျာ။ ရမ်းသန်းပစ်ရင်းနဲ့ ပြည်သူထိသွားတော့ နှစ်ယောက် သေ တယ်။ မနက်က ၈ နာရီဝန်းကျင်လောက်က ဖြစ်တာ။ ခုမှ သင်္ဂြိုဟ်တုန်းရှိသေးတယ်။ ယောကျာ်းလေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် သားအဖနှစ်ယောက်” ဟု ပြောသည်။
စစ်အုပ်စုတပ်ဘက်မှ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုနှင့် လက်နက်ကြီး ကျရောက်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့်ရှိပြီး နွားလေးကောင်လည်း သေဆုံးခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာမူ ချိုင်းသို့ သေနတ်ကျည် ထိမှန်ခဲ့သဖြင့် ဆေးရုံတက်ရောက် ကုသနေရသည်။
လက်ရှိတွင် အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာသို့ ရောက်ရှိနေပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း ချောင်းဦးမြို့နယ်၊ ပကဖ သတင်းပြန်ကြား ရေးတာဝန်ခံက ပြောဆိုသည်။
ထို စစ်အုပ်စုတပ် စစ်ကြောင်းကြောင့် မုံရွာမြို့နယ်၊ သစ်ဆိမ့်ရွာမှ ချောင်းဦးမြို့နယ်၊ ကြက်သွန်ဈေးနှင့် ကြောင် ဝပ်ကျေးရွာများ အပါအဝင် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံ သောင်းနှင့်ချီ၍ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိသည်။
ထို့ပြင် အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များအကြား ဩဂုတ်လ ၃၁ ရက် ညပိုင်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။







