မွန်၌ အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် စစ်မှုထမ်းရန် လူငယ်များကို လိုက်လံဖမ်းဆီးနေ

မွန်၌ အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် စစ်မှုထမ်းရန် လူငယ်များကို လိုက်လံဖမ်းဆီးနေ

မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များကို ကိုယ်တိုင် လိုက်လံဖမ်းဆီးကာ စစ်သင်တန်းကျောင်းများထံ ပို့ဆောင်မှုများ ရှိလာကြောင်း ဒေသခံများက ပြော သည်။

လစဉ် ဖွင့်လှစ်နေသည့် စစ်မှုထမ်းသင်တန်းအတွက် တပ်သား လိုအပ်ချက်ရှိနေသည့် စစ်အုပ်စုတပ်သည် အုပ်ချုပ်ရေးမှူးများအနေဖြင့် မဖြစ်မနေ စစ်မှုထမ်း စုဆောင်းပေးရန် ဖိအားပေးမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

စစ်အုပ်စုတပ်၏ ဖိအားပေးမှုကြောင့် အုပ်ချုပ်ရေးမှူးအချို့သည် ဒေသတွင်းရှိ လူငယ်များနှင့် ခရီးသွား ပြည်သူ အချို့ကို ဖမ်းဆီးပြီးနောက် စစ်အုပ်စုတပ်နှင့် ချိတ်ဆက်ကာ စစ်သင်တန်းကျောင်းများထံ ပို့ဆောင်နေခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူးများသည် အရင်က စစ်မှုထမ်း တပ်သားအတွက် စစ်အုပ်စုတပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် လူငယ်များကို ပြန်လည်ဝယ်ယူ၍ စစ်သားစုဆောင်းရာမှ ယခုနောက်ပိုင်းတွင် ကိုယ်တိုင် ဖမ်းဆီးကာ စစ်မှုထမ်း စုဆောင်းလာကြသည်။

စစ်မှုထမ်းရန် ဖမ်းဆီးရာတွင်လည်း အုပ်ချုပ်ရေးမှူးအချို့သည် ဖမ်းဆီးထားသည့် လူငယ်များ ပြန်လည် လွတ် မြောက်ရေးအတွက်ဆိုကာ မိသားစုများထံမှ ငွေကြေး ကျပ်သိန်းရာနှင့်ချီ တောင်းခံမှုများအထိ ရှိလာသည်။

ဒေသခံများ၏ ပြောပြချက်အရ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့် ကျေးရွာများတွင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအပြင် ၎င်းတို့ ကိုင်ဆောင်ထားသည့် လက်နက်အားကိုးဖြင့် ထင်တိုင်းကြဲနေခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်အတွင်းရှိ စစ်အုပ်စုက ပြန်လည်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများသည် စစ်အုပ်စုတပ်၏ ခွင့်ပြုချက် ဖြင့် လက်နက်များကို တရားဝင်သဖွယ် ကိုင်ဆောင်ခွင့် ရရှိထားကြသည်။

တစ်ဖက်တွင်လည်း အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များကို ဆင့်ခေါ်စာများ ပို့ ဆောင်ခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းတို့အပြင် စစ်မှုထမ်းရန် အမည်စာရင်းသွင်းဖို့ ပျက်ကွက်သည့် မိသားစုများ ကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။

အချို့အုပ်ချုပ်ရေးမှူးများကမူ စစ်မှုထမ်းအတွက် ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်ထောင်စုတစ်ခုလျှင် ငွေကျပ် ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ တောင်းခံပြီး စစ်မှုထမ်း ပြန်လည်ဝယ်ယူကာ စစ်အုပ်စုတပ်အတွက် တပ်သား စုဆောင်းပေးနေသည်။

သံလွင်တိုင်းမ်က ပြုစုထားသည့် အချက်အလက်များအရ မွန်ပြည်တွင် စစ်အုပ်စုတပ်က လစဉ်ဖွင့်လှစ်နေ သည့် စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၂၇ အထိ စစ်သားစုဆောင်းခံရသူ ၅,၆၀၀ ထက်မနည်း ရှိလာခဲ့ပြီ ဖြစ်သည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)

Most read this week

ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...
September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...
August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...