ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ရဲ၊ ပျူစောထီး၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်ဖွဲ့ အင်အား ၁၃၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ဒေသခံ များအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
အဆိုပါ ပူးပေါင်းစစ်ကြောင်းသည် ဩဂုတ်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျေးရွာများအတွင်း လှည့်လည် စစ်ဆေး ရှာဖွေခဲ့ပြီး လက်ရှိတွင် ကျားတွန်ကျေးရွာ၌ တပ်စွဲထားသဖြင့် ဒေသခံများ ပူပန်နေကြရခြင်း ဖြစ် သည်။
ဟဲယာရွာမတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက “သူတို့ ရွာကို လာတဲ့ရက်က သေနတ် ဖောက်တယ်။ မိုးပေါ် ထောင်ပြီး ဖောက်တာ။ ခြောက်တာပေါ့။ ပြီးတော့ စစ်မှုထမ်းရှိတယ် အိမ်တွေ လိုက်စစ်တယ်။ ကျောင်းတက် နေတယ်ဆိုရင် ဘယ်နှစ်ပြီးမလဲ သေချာမေးတယ်။ စာရင်းကောက်တယ်။ နောက်တော့ သူတို့ ကျားတွန်ဖက် တက်သွားတယ်” ဟု ပြောသည်။
ကနဦးတွင် အဆိုပါ ပူးပေါင်းစစ်ကြောင်းသည် ဩဂုတ်လ ၂၇ ရက်နေ့၌ သပြေပင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သံသယရှိသူများကို ခေါ်ယူစစ်ဆေးခဲ့သည်။
ထို့နောက် ဩဂုတ်လ ၂၈ ရက်နေ့တွင် အသက် ၄၀ အရွယ်ရှိ ရွာခံ ဦးထွန်းဦးကို PDF နှင့် ဆက်စပ်သည်ဟု ဆို ကာ တောင်ကြီးမြို့ရှိ ရပခ စစ်ကြောရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဩဂုတ်လ ၂၉ ရက်နေ့တွင်မူ စစ်ကြောင်းသည် အင်းလေးကန်ပတ်လမ်း (အနောက်ဘက်ကမ်းလမ်း) အတိုင်း အင်းတိန်ဘက်သို့ ဦးတည်စစ်ချီခဲ့ပြီး အင်းတိန်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲ ခဲ့သည်။
အင်းတိန်အုပ်စုအတွင်း စစ်မှုထမ်း အကျုံးဝင်သည့် အမျိုးသားတစ်ဦးက “PDF ၃၀ ရောက်နေလို့ ပြောပြီး လိုက်ရှာနေကြတယ်။ ရွာတိုင်းဝင်ထွက်ပြီး အဲဒါရှာနေကြတယ်။ စစ်မှုထမ်းတွေ လိုက်စစ်တယ်။ အဓိက စစ်မှု ထမ်းမပါတဲ့လူတွေကို ခြောက်ချင်လို့ လာတယ်လို့ ထင်တယ်” ဟု ပြောသည်။
စစ်ကြောင်းသည် အင်းလေးကန်ပတ်လမ်းအတိုင်း အရှေ့ဘက်ကမ်းသို့ ဆက်လက်ရွှေ့လျားမည်ဟု ပျူစောထီး များနှင့် နီးစပ်သူများထံမှ သိရသဖြင့် အရှေ့ဘက်ကမ်းရှိ ဒေသခံများလည်း အထူးစိုးရိမ်နေကြသည်။
လွန်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း တောင်ခြေကျေးရွာအုပ်စု၊ ကြံ့ပုံ့ငယ်ရွာမှ အသက် ၂၀ ဝန်းကျင် အရွယ် မောင်ပြည့်စုံကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး ယနေ့အထိ မိသားစုနှင့် အဆက် အသွယ် ပြတ်တောက်နေသည်။
စစ်အုပ်စုတပ်သည် အင်းလေးကန်အတွင်း PDF များ လက်နက်ချပွဲ ပြုလုပ်ရန် ပြင်ဆင်နေပြီး ပျူစောထီး ခေါင်းဆောင်နှစ်ဦးကို တစ်ဦးလျှင် ကျပ်သိန်းတစ်ထောင်စီ ချီးမြှင့်မည်ဟု ကြေညာထားသည်။







