ကရင်ပြည်၊ ဖားအံမြို့နယ်အတွင်း စစ်မှုထမ်းစေခိုင်းရန် စစ်အုပ်စုတပ်က တပ်သားအင်အား စုဆောင်းလျက်ရှိပြီး အထူးသဖြင့် လူငယ်များကို ပေါ်တာဆွဲ စစ်ဆေးဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း မြို့ခံများနှင့် ရပ်ရွာ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဖားအံမြို့ပေါ်တွင် နေ့စားအလုပ်သမားများ၊ ပန်းရံလုပ်သားများ၊ ဆိုင်ဝန်ထမ်းများနှင့် အလုပ်သွားအလုပ်ပြန် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ပြီး ထိုအထဲတွင် မိသားစုက ငွေပေးပြီးမှ ပြန်လည်လွတ်မြောက် လာသူအချို့လည်း ရှိသည်။
“ဒီမှာက သတင်းတွေဘာတွေ ထွက်မှာစိုးလို့ ပလန်ဆွဲပြီး ဖမ်းတာ။ တစ်ရက်က အသိတစ်ယောက်ကို ပေါ်တာဆွဲ သလို စစ်ပြီး ဖားအံကပါ၊ ၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ပါတယ်လို့ ပြောတာတောင် အိမ်ဖုန်းဆက်ခိုင်းပြီး ငွေဆယ်သိန်းလောက် တောင်းပြီးမှ ပြန်လွှတ်တယ်” ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် မြို့တွင်းနှင့် မြို့ပြင် ခရီးသွားလမ်းကြောင်းများ၌ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး ကျေးရွာချင်းဆက် လမ်းများ၊ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင်လည်း လူငယ်များကို အဓိကထား စစ်ဆေးလျက်ရှိသည်။
ကျေးရွာဘက်များတွင်မူ လက်ရှိအချိန်အထိ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ဖမ်းဆီးမှု မတွေ့ရသေးသော်လည်း စစ်မှုထမ်းရန် လူအလှည့်ကျ ပေးနေရခြင်း၊ အခြားဒေသမှ လာရောက်အလုပ်လုပ်ကိုင်နေသူများအနက် စစ်မှုထမ်းလိုသူများကို ငွေပေး၍ ခေါ်ယူရသည့် အခြေအနေများ ရှိနေသည်။
အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ရွာခံတစ်ဦးက “လူလိုရင် လုပ်ချင်တဲ့သူတွေကို ငွေနဲ့ လူဝယ်ပေးရတာတွေ ရှိတယ်။ ရွာဘက်မှာတော့ သူတို့လိုအပ်တာရှိရင် ကြည့်ပြီး စီစဉ်ပေးတယ်။ တစ်လတစ်ခါဆို ကျနော်တို့လည်း မပေးနိုင်ဘူးလေ။ သုံး၊ လေးလလောက်မှ တစ်ခါ၊ အလှည့်ကျ သွားပေးတယ်” ဟု ပြောသည်။
ထို့ကြောင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က စစ်မှုထမ်းရန် တိုက်ရိုက်ဝင်ရောက် ဖမ်းဆီးမှု မရှိသေးသည့်တိုင် အသွားအလာ သတိထားကြရန် အုပ်ချုပ်မှုတာဝန်ရှိသူများက သတိပေး နှိုးဆော်ထားသည်။
ထို့ပြင် မြဝတီမြို့ပေါ်နှင့် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဖားအံ လမ်းပိုင်း၊ ကျုံဒိုး-ကျားကလေး-ဇာသပြင် လမ်းပိုင်းများနှင့် ဖားအံမြို့အဝင် သံလွင်တံတား စစ်ဆေးရေးဂိတ်တို့တွင် မှတ်ပုံတင်နှင့် အထောက်အထားများကို ဆက်လက် တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်နယ်စစ်အုပ်စု အစည်းအဝေးအတွင်း စစ်မှုထမ်းအင်အား မပြည့်မီပါက ဆင့်ခေါ်စာများ ပေးပို့ရန်နှင့် လူငယ်များကို ပေါ်တာဖမ်းဆီးရန် စစ်အုပ်စုခန့် ကရင်ပြည်ဝန်ကြီးချုပ် စောမြင့်ဦးက ညွှန်ကြားခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာများတွင် သတင်းများ ထွက်ပေါ်နေသော်လည်း ကရင် ပြည် စစ်အုပ်စု အသိုင်းအဝိုင်းကမူ သတင်းအမှားဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ထားသည်။







