ထိုင်းသို့ ထောပတ်သီး တင်ပို့ခွင့်မရ၍ တောင်သူများ အခက်ကြုံ၊ ပြည်တွင်းဈေးနှုန်း ကျဆင်းနိုင်

ထိုင်းသို့ ထောပတ်သီး တင်ပို့ခွင့်မရ၍ တောင်သူများ အခက်ကြုံ၊ ပြည်တွင်းဈေးနှုန်း ကျဆင်းနိုင်
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)

မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် တင်ပို့ခွင့် မရတော့သည့်အတွက် တောင်သူများ အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ထောပတ်သီး စိုက်ပျိုးသည့် တောင်သူများက ပြောသည်။

မြန်မာ့ထောပတ်သီး ရောင်းအား၏ ၈၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုကဲ့သို့ တင်ပို့ခွင့်မရပါက ထွက်ပေါက်မရှိသည့်အတွက် ဈေးနှုန်း အလွန်ကျဆင်းသွားနိုင်ကြောင်းနှင့် မရောင်းရသည့် ဖြစ်စဉ်များ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်းက မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကို ဦးစားပေး ဆောင်ရွက်လာပြီး ဥပဒေများကို အလေးထား စီစစ်လာသဖြင့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်ပို့ သည့် ထောပတ်သီးများကို တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဓိကကတော့ သူတို့နိုင်ငံမှာ ထောပတ်သီးနဲ့ပတ်သက်ပြီး စံချိန်စံညွှန်းတွေ စဆွဲနေပြီ။ ပြီးရင် နောက်တစ် ချက်က Food Safety ဘက်ကို သူတို့ သွားချင်တယ်။ ဒါကြောင့် ဒီ သူတို့စားသုံးသူတွေ မနစ်နာအောင်ရယ် အဲ့ဒီလိုမျိုးဆိုရင်တော့ သူတို့က အဲ့ဒီဟာကို အဓိကထားသွားဖို့ ဒီနှစ်ကတော့ လုံးဝပိတ်ချပစ်လိုက်တာခင်ဗျ” ဟု ဦးကျော်စိုးမင်းက ပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထောပတ်သီး တရားဝင် တင်ပို့ခွင့် မရရှိသေးသော်လည်း နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တင်ပို့နေကြခြင်း ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်းမှ ထောပတ်သီးစိုက် တောင်သူတစ်ဦးကလည်း ယခုအခြေအနေသည် တောင်သူများ အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောသည်။

“စိုးရိမ်မှုတော့ရှိတာပေါ့။ ကိုယ်စိုက်ထားတဲ့သီးနှံက ဈေးကွက် မရှိတော့သလိုကြီး ဖြစ်သွားတော့ ဆုံးရှုံးမှုတွေ များတာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထောပတ်သီး တင်ပို့နိုင်မှုမှာ တန်ချိန် ၁၃,၀၀၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ထံမှ သိရသည်။

လက်ရှိတွင် ၂၀၂၆ – ၂၀၂၇ ထောပတ်သီးရာသီ စတင်နေပြီဖြစ်ရာ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့်မရသည့် ထောပတ်သီး တန်ချိန် ၂၀,၀၀၀ အတွက် ဖြေရှင်းရေး နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MAVO မှ အတိုင်ပင် ခံ အကြံပေး ဒေါ်စန္ဒာမျိုးက ဩဂုတ်လ ၂၆ ရက်နေ့တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

ထိုသို့ ဖြေရှင်းနိုင်ရန် ပြည်တွင်း စားသုံးမှု မြှင့်တင်ရေး ကမ်ပိန်းများ ပြုလုပ်ခြင်း၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ် လုပ်ခြင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရေး ကြိုးပမ်းခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံထံမှ ကုန်သွယ်ခွင့်ရရှိရေး ပိုးမွှားဆန်းစစ်ချက် (PRA) အမြန် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည့် အပြင် အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားနှင့် ရုရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရေးအတွက်လည်း အသင်းဝင် ကုမ္ပဏီများက ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...