ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ မရရှိသေး သူများအနေဖြင့် ထောက်ပံ့ကြေး လာရောက်လျှောက်ထားနိုင်ကြောင်း ဗန်းမော်အသင်း (ရန်ကုန်) က အသိပေး ထုတ်ပြန်ထားသည်။
ဩဂုတ် ၂၇ ရက်နေ့မှ စတင်၍ စက်တင်ဘာ ၂ ရက်အထိ တစ်ပတ်အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဒဂုံမြို့နယ်ရှိ ကျောက်စိမ်းတွင်းဓမ္မာရုံ၌ လာရောက် လျှောက်ထားနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ ထောက်ပံ့ကြေး ပေးအပ်ခြင်းမှာ စတုတ္ထမြောက်အကြိမ် ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယအကြိမ် များတွင် လျှောက်ထားပြီးသူများ လုံးဝ လျှောက်ထားခွင့် မရှိကြောင်း သိရသည်။
သို့သော်လည်း တတိယအကြိမ်တွင် အမည်စာရင်း ကျန်ရစ်ခဲ့သူများအနေဖြင့် ပြန်လည် လျှောက်ထားနိုင်သည်။
အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ကြေး တစ်ကြိမ်မျှ မရရှိသေးသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များနှင့်အတူ လာရောက် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
အလားတူ စစ်အုပ်စုဘက်ကလည်း (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်အတွင်း တစ်ဦးလျှင် ကျပ် ၂၀,၀၀၀ နှုန်း ထောက်ပံ့ သွားမည်ဖြစ်၍ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူများ ပေးပို့ရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းဝင်သူမှလွဲ၍ ကိုယ်စား ထုတ်ယူခြင်းများ ခွင့်မပြုကြောင်း အသိပေးထားသည်။
လက်ရှိတွင် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များသည် မြစ်ကြီးနား၊ ရွှေကူ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့တွင် အများဆုံး တိမ်းရှောင်နေကြပြီး အချို့မှာ ရန်ကုန်မြို့ရှိ ဆွေမျိုးသားချင်း နေအိမ်များနှင့် ဘာသာရေးကျောင်း များတွင် ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်။
မန္တလေးမြို့တွင်လည်း ဩဂုတ် ၉ ရက်က ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ကျားနီပါတီ (TNDP) နှင့် မန္တလေး ရှမ်းနီလူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဗန်းမော် စစ်ဘေးရှောင် အိမ်ထောင်စု ၃၄၀၊ လူဦးရေ ၁,၇၈၇ ဦးကို ထောက်ပံ့ခဲ့ကြသည်။ ထိုသို့ ထောက်ပံ့ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်၊ ဆီ ၁ ဗူး၊ ဆား ၁ ထုပ်၊ ဟင်းချိုမှုန့် ၁ ထုပ်အပြင် ငွေကျပ် ၁ သိန်းခွဲစီ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဗန်းမော်ခရိုင် တစ်ခုလုံးအတိုင်းအတာဖြင့် နေရပ်စွန့်ခွာရသူ ဦးရေမှာ ၁ သိန်းနီးပါးအထိ ရှိလာပြီဟု အရပ်ဘက်အဖွဲ့အစည်း များ၏ ခန့်မှန်းချက်များအရ သိရသည်။







