သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို စစ်အုပ်စုက ရုရှား နည်းပညာရှင်များ အကူအညီဖြင့် အမြန်ဆုံး ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေစဉ် စက်ရုံမှ စွန့်ပစ်ရေဆိုးများ ကြောင့် ဒေသခံများ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေး ထိခိုက်မှုများကို ရင်ဆိုင်နေကြရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧက ၅ ထောင်ကျော် ကျယ်ဝန်းသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံးပြီးစီးရေးကို ရုရှားဝန်ကြီး ချုပ်နှင့် ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်အုပ်စု၏ စက်မှုဒုဝန်ကြီး ဦးသွင်အောင်က စက်ရုံသို့ သွားရောက်စစ် ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ စက်ရုံပြန်လည်ပတ်ရန် ပြင်ဆင်မှုများနှင့် အတူ စက်ရုံမှထွက်ရှိသည့် အညစ်အကြေးများကို ပုံးအင်းဒေသ အတွင်းသို့ စနစ်တကျမရှိဘဲ စွန့်ပစ်နေသဖြင့် ဒေသခံများမှာ ရေဆိုးဒဏ်ကို ခံနေကြရသည်။
ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက "သူတို့ စက်ရုံပြန်လည်ပတ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ စက်ရုံကထွက်တဲ့ အညစ်အကြေးစွန့်ပစ်တဲ့ ချောင်းတစ်ခုရှိတယ်။ အရင်က အဲ့ဒီအညစ်အကြေးတွေက ပုံးအင်းထဲကို မဝင်တာ မဟုတ်ဘူး။ အခုသူတို့ ဘက်ဖိုးကားနဲ့ ပြန်တူးလိုက်တာက ပုံးအင်းထဲကို ကောင်းကောင်းစီးဝင်အောင် လုပ်နေ သလို ဖြစ်နေတယ်” ဟု ပြောသည်။
လက်ရှိတွင် ပုံးအင်းဒေသ၌ ရေကြီးမှုများ ကြုံတွေ့နေရချိန်၌ စက်ရုံမှ စွန့်ပစ်ရေဆိုးများပါ ရောနှောစီးဝင်လာ သဖြင့် နမ့်တဘက်ချောင်းမှာ မသန့်ရှင်းတော့ဘဲ ဒေသခံများ အရေပြားယားယံသည့် ရောဂါများ ဖြစ်ပွားနေကြ သည်။
အဆိုပါ ဒေသခံ အမျိုးသားက “အခုနောက်ပိုင်း ရေတွေက မသန့်တော့ဘူး၊ ယားယံတာတွေ ဖြစ်နေကြတယ်။ စက်ရုံက အညစ်အကြေးတွေ တောက်လျှောက်စွန့်ပစ်နေမယ်ဆိုရင် လယ်ယာတွေလည်း မကောင်းတော့ဘူး၊ စပါးလည်း အထွက်မတိုးတော့ဘူး။ အဲ့ဒီရေဆိုးတွေကြောင့်လို့ ထင်တယ်” ဟု ဆက် ပြောသည်။
ထို့ပြင် စက်ရုံဝင်းအတွင်းရှိ မွေးမြူရေးဇုန်မှ ဘဲကောင်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့စဉ်ကလည်း အသေ ကောင်များကို ချောင်းအတွင်းသို့ စွန့်ပစ်ခဲ့သဖြင့် ဒေသခံများနှင့် စက်ရုံတာဝန်ရှိသူများအကြား ပြဿနာဖြစ်ပွားခဲ့ ဖူးသည်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ပင်းပက်စက်ရုံသည် ရေဆိုးများကို နမ့်တဘက်ချောင်းအတွင်း တိုက်ရိုက်ဖောက်ချနေပြီး အဆိုပါချောင်းကို မှီတင်းနေထိုင်သည့် ကျေးရွာပေါင်း ၁၀၀ ကျော် ထိခိုက်လျက်ရှိသည်။ စီမံကိန်းတွင် အဓိကပါဝင်သည့် ရုရှားနိုင်ငံပိုင် VO Tyazhpromexport ကုမ္ပဏီသည် မြန်မာစစ်အုပ်စုတပ်ထံ လက်နက်တင်ပို့နေသည့် Rostec ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ကြောင်း PYO က ထောက်ပြထားသည်။
အဆိုပါစက်ရုံတွင် လာရောက်လုပ်ကိုင်နေသည့် ရုရှားအလုပ်သမားများသည် တောင်ကြီးမြို့ပေါ်သို့ တက်ကာ ဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူလေ့ရှိသည်။
တောင်ကြီးမြို့ခံတစ်ဦးက “စက်ရုံမှာ အလုပ်လုပ်နေတဲ့ ရုရှားလူမျိုးတွေ တောင်ကြီးမြို့ပေါ် ဆေးလာဝယ်တာ၊ အာလူးလာဝယ်တာမျိုးတွေ တွေ့တယ်။ သူတို့တွေ အင်္ဂလိပ်စကားလည်း မပြောတတ်ကြဘူး” ဟု ပြောသည်။
ပင်းပက်စက်ရုံ စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရုရှားနိုင်ငံ ပိုင် TPE ကုမ္ပဏီတို့ စတင်ချုပ်ဆိုခဲ့ပြီး ဘီလျံနှင့်ချီ အရှုံးပေါ်မှုကြောင့် ၂၀၁၇ ခုနှစ်တွင် NLD အစိုးရက ရပ်ဆိုင်းခဲ့ သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ရုရှားအကူအညီဖြင့် ပြန်လည်စတင်ရန် ကြိုးပမ်း လာခြင်း ဖြစ်သည်။
အဆိုပါစက်ရုံ လည်ပတ်ရန်အတွက် ကျေးသီးမြို့နယ်မှ ကျောက်မီးသွေးကို တစ်ရက်လျှင် တန်ချိန် ၁,၅၀၀ နီးပါး ထုတ်ယူသုံးစွဲရန် စီစဉ်ထားကြောင်း Shan State Frontline Investment Monitor (SSFIM) ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ထို့ပြင် စက်ရုံမှ ထွက်ရှိလာသော သံစိမ်းကုန်ကြမ်းများကို သယ်ယူရန် စစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကား-ပင်းပက် ရထားလမ်းမှတစ်ဆင့် မြင်းခြံရှိ သံမဏိစက်ရုံနှင့် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။
စစ်အုပ်စုသည် ရုရှားနည်းပညာရှင်များကို ယူရို ၁၀ သန်းကျော်ပေးကာ ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်လည်ပတ် ရန် တွန်းအားပေး ဆောင်ရွက်နေသော်လည်း ဒေသခံများအတွက်မူ စက်ရုံမှထွက်ရှိသည့် အဆိပ်သင့်ရေဆိုးများ နှင့် သယံဇာတ ထုတ်ယူမှုဒဏ်ကို ဆက်လက် ရင်ဆိုင်နေရသည်။







