သျှမ်းပြည်တွင် စစ်ရေးနှင့် စီးပွားရေးကြောင့် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ

သျှမ်းပြည်တွင် စစ်ရေးနှင့် စီးပွားရေးကြောင့် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်

သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တွင် ကျောင်းတက်ရောက်သူ ဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က သျှမ်းပြည်အတွင်း ကျောင်းအပ်နှံသူ ဦးရေ ၅၀,၉၅၆ ဦး (၇ ဒသမ ၄၅ ရာခိုင်နှုန်း) လျော့ကျသွားသည့်အပေါ် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ဦးခွန်ဒီဂေါလ်က “ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအားလုံးရဲ့ အခြေခံအုတ်မြစ်ပါ။ လက်ရှိနိုင်ငံရေးနဲ့ ပညာရေး အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ အနာဂတ်ရဲ့ ပုံရိပ်ကို ခန့်မှန်းနိုင်ပါတယ်” ဟု လွှတ်တော်တွင် ပြောဆိုခဲ့သည်။

သျှမ်းပြည်အတွင်း ကျောင်းတက်နှုန်း ကျဆင်းရခြင်းမှာ စစ်ဘေးရှောင်နေရခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် မိသားစုများ စားဝတ်နေရေး ကျပ်တည်းလာခြင်းနှင့် ကျောင်းပြောင်းလက်မှတ် (TC) ထုတ်ယူရန် ခက်ခဲခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့်လည်း ကျောင်းနေအရွယ် ကလေးငယ် ၁၃ သန်းဝန်းကျင် ရှိသည့်အနက် ၆ ဒသမ ၃ သန်းကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာနေကြရသည်။

ထို့ပြင် စစ်အုပ်စု၏ ပညာရေးဝန်ကြီးဌာနက အသက် ၁၅ နှစ်အထက် ကလေးငယ်များကို အတန်းဝင်ခွင့် ကန့်သတ်ထားခြင်းကြောင့် စစ်ဘေးရှောင်ရင်း အချိန်နှောင်းသွားသည့် သျှမ်းပြည်မှ လူငယ်အများအပြားမှာ အစိုးရကျောင်းများသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲ ဖြစ်နေကြသည်။

သျှမ်းပြည် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကမူ ကျောင်းပြင်ပ ရောက်ရှိနေသည့် ကလေးများအတွက် တစ်သက်တာပညာရေး အစီအစဉ်များကို ဆောင်ရွက်ပေးနေသည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

သို့သော်လည်း မြေပြင်အခြေအနေတွင် စစ်ရေးပဋိပက္ခများကြောင့် အဆိုပါ အစီအစဉ်များမှာ ထိရောက်မှု မရှိသေးကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...