ဖလူးတိုက်ပွဲကြောင့် ပလောတပို့စစ်ရှောင်များ သောင်ရင်းမြစ်နံဘေး လေကြောင်းရန်ရှောင်နေရ

ဖလူးတိုက်ပွဲကြောင့် ပလောတပို့စစ်ရှောင်များ သောင်ရင်းမြစ်နံဘေး လေကြောင်းရန်ရှောင်နေရ

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေသဖြင့် ပလောတပို့စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှာ မိုးထဲလေထဲတွင် သောင်ရင်းမြစ်ကမ်းပါးသို့ ဆင်းကာ ရှောင်တိမ်းနေကြရသည်။

အဆိုပါ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ယနေ့ချိန်ထိ စစ်အုပ်စုက လေကြောင်း အပြင် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

လေယာဉ်ဗုံးဆန်နှင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုသည် ပလောတပို့စခန်းနှင့် နီးကပ်လွန်းသ ဖြင့် စစ်ဘေးရှောင်များမှာ နေရာပြောင်းရွှေ့ စစ်ရှောင်နေကြရခြင်းဖြစ်ပြီး ချောင်းနံဘေးတွင် တောင်ကျရေ တိုးလာပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည့် 

အခြေအနေအထိ ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ လာလာကြဲနေတော့ စခန်းထဲ မနေရဲကြတော့ဘူး၊ သောင်ရင်းချောင်းဘေး ဆင်းပြီး ရှောင်အိပ် နေရတယ်။ ညဘက်ဆို တောင်ကျရေဆင်းလို့ ချောင်းဘေး ရေတိုးလာရင် ပြေးရှောင်စရာ မရှိဘူး။ လူတစ်အုပ် ကြီးပဲ ဒုက္ခရောက်နေတာ။ ကလေးတွေလည်း စာသင်တာ ရပ်ထားရတယ်။”

လက်ရှိ ပလောတပို့ စစ်ရှောင်စခန်းဧရိယာတွင် လေးကေကော်မြို့သစ်မှ စစ်ဘေးရှောင်များအပြင် အနီးနားရှိ ကျေးရွာ (၁၀) ရွာခန့်မှ ကလေးငယ်များအပါအဝင် အိမ်ထောင်စု (၅၀၀) ကျော်မှ လူဦးရေ စုစုပေါင်း (၃,၀၀၀) ဝန်းကျင် ခိုလှုံနေထိုင်လျက် ရှိသည်။

ထို့ပြင် စစ်ဘေးရှောင်များ ရှိနေသည့်နေရာသို့ တိုက်ပွဲပိုမိုနီးကပ်လာပါက ထိုင်းနိုင်ငံဘက်သို့ ကမ်းကူးရှောင်တိမ်း နိုင်ရန်အတွက် ထိုင်းအာဏာပိုင်များနှင့် ကြိုတင်ချိတ်ဆက် အကြောင်းကြားထားကြောင်းလည်း ပလောတပို့ စခန်းတာဝန်ခံက ဆက်ပြောသည်။

“ဒီထက်အခြေအနေ ဆိုးလာရင်တော့ စစ်ရှောင်စခန်းပါ လက်နက်ကြီးနဲ့ လေယာဉ်ဗုံး မလွတ်တော့ဘူး။ ထိုင်းဘက်က လူကြီးတွေကိုတော့ ကြိုပြီး အကြောင်းကြားထားတယ်။ စက်လှေလည်း အရေးပေါ် ပြင်ဆင်ထားတယ်။ တိုက်ပွဲငြိမ်ရင် ကိုယ့်နေရာပြန်နေမယ်ဆိုတာပါ ပြောပြထားတယ်။”

ထို့အတူ ပလောတပို့စစ်ဘေးရှောင်စခန်းရှိ ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များအတွက် ယာယီခိုလှုံစရာ အမိုးအကာ လိုအပ်ချက်အပြင် ရိက္ခာနှင့် ဆေးဝါးများလည်း အရေးပေါ် လိုအပ်နေကြသည်။

လေးကေကော်ဒေသ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပေါ်ချိန် ၂၀၂၅ ခုနှစ် အကုန်ပိုင်းမှစ၍ တဖန်ပြန်လည် စည်ကားလာသော ပလောတပို့စစ်ဘေးရှောင်စခန်းတွင် ယခု ၂၀၂၆ ခုနှစ် မတ်လပိုင်းကလည်း စစ်အုပ်စု လွှတ်တင်တိုက်ခိုက်သော (ကာမီကာဇေ) အသေခံဒရုန်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်။

ထို့ကြောင့် စစ်ဘေးရှောင်အချို့ ဒဏ်ရာရရှိခဲ့ပြီး ကျန်စစ်ရှောင်များမှာလည်း သောင်ရင်းမြစ်ဘေးသို့ ထွက်ပြေး ရှောင်တိမ်းခဲ့ကြရသေးကြောင်း ထိုစဉ်က သတင်းများတွင် ဖော်ပြခဲ့ကြသည်။

July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး...