ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေသည့် ဒေသခံပြည်သူများအတွက် ဆေးဝါးများအပြင် စောင်၊ ခြင်ထောင်နှင့် အမိုးအကာ စသည့် တကိုယ်ရည်သုံး ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ် အကူအညီ လိုအပ်နေသည်။
ပလက်ဝမြို့နယ်အတွင်း ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းရေများ လျှံတက်လာခဲ့ခြင်းကြောင့် မောင်ရွာ၊ ပန်းဘွေးရွာ၊ သံထောင်ရွာ၊ အထက်ဗုဒ္ဓဂါမရွာ၊ အောက်ဗုဒ္ဓဂါမရွာ၊ အလယ်ဒိန်ကင်းရွာနှင့် နန်းမနူးကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး၊ ဒေသခံပြည်သူများ၏ လူနေအိမ်များ၊ တဲများနှင့် လယ်စပါးခင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။
ဒေသခံတစ်ဦးက “အခက်အခဲကတော့ အခြေခံ ဆေးဝါးပြတ်လပ်တယ်၊ မီးဖိုချောင်သုံး ပစ္စည်းလိုအပ်ကြ တယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်။ နောက်ပြီး ပြန်လည်တည်ဆောက်ရေးအတွက် သစ်ဝါး၊ အမိုးအကာ လိုအပ်ကြတယ်။ ခြင်ထောင်၊ စောင်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အိမ်သာနဲ့ စပါးမျိုးစေ့တွေ လိုအပ် ကြတယ်။ နောက်ပြီး လမ်းပြုပြင်ဖို့ ငွေကြေးထောက်ပံ့မှုတွေ လိုအပ်နေကြတယ်” ဟု ပြောသည်။
လက်ရှိအထိ ကောက်ယူထားသည့် စာရင်းများအရ အထက်ပါကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၃၅ စု၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သဖြင့် အသေးစိတ် ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ အပြည့်အစုံ မကောက်ယူနိုင်သေးဘူးဟု ဆိုသည်။
ထို့ပြင် အလယ်ဒိန်ကင်းအုပ်စု၊ ဗုဒ္ဓဂါမကျေးရွာမှ အိမ်ခြေ ၁၅ အိမ်ခန့်သည်လည်း ရေဘေးလွတ်ရာသို့ ယာယီ တိမ်းရှောင်နေကြရသည်။
ရေဘေးသင့် ဗုဒ္ဓဂါမကျေးရွာ ဒေသခံတစ်ဦးကလည်း “လက်ရှိဒေသခံတွေကတော့ ယာယီတဲတွေဆောက်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လက်ရှိ ရေကြီးတဲ့အတွက် သွားလာလို့လည်း မရဘူး။ စားဝတ်နေ ရေး အခက်အခဲရှိကြတယ်။ ယာယီတဲဆောက်ဖို့ မိုးကာ အခက်အခဲလည်းရှိကြတယ်။ ပလက်ဝမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေဘေးကြုံရတဲ့ ကျေးရွာတွေရှိတယ်။ ရေဘေးကြောင့် စပါးခင်းတွေ ပျက်စီးတာ၊ လူနေ တဲအိမ်တွေ ပျက်စီးတာတွေ တချို့ရွာတွေမှာလည်း ရှိတယ်” ဟု ပြောသည်။
လက်ရှိအချိန်အထိ ဖုန်းလိုင်းနှင့် ဆက်သွယ်ရေး လက်လှမ်းမီသမျှ ကျေးရွာများ၏ အခြေအနေများကိုသာ စုံစမ်းသိရှိရသေးခြင်းဖြစ်ပြီး၊ အခြားအလှမ်းဝေးသည့် ကျေးရွာများတွင်လည်း ယခုထက် ပိုမိုပျက်စီး ဆုံးရှုံးမှု များနှင့် ရွှေ့ပြောင်းရမှုများ ရှိနေနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လျှပ်တစ်ပြတ်ရေကြီးခြင်း၊ ချောင်းရေလျှံခြင်းများနှင့်အတူ တောင်ပြို၊ မြေပြိုမှုဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။







