ကရင်နီဒုက္ခသည်စခန်းရှိ အုပ်စုဖွဲ့လှုပ်ရှားသည့် လူငယ်များကို ကြပ်မတ်အရေးယူမည်

ကရင်နီဒုက္ခသည်စခန်းရှိ အုပ်စုဖွဲ့လှုပ်ရှားသည့် လူငယ်များကို ကြပ်မတ်အရေးယူမည်

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်း (ခေါ်) ဒုက္ခသည်စခန်း အမှတ် (၁) ၌ အုပ်စုအလိုက် အမည်ဖွဲ့၍ လှုပ်ရှားနေကြသည့် ဒုက္ခသည်လူငယ်များကို အုပ်စုဖျက်သိမ်းရန်နှင့် အုပ်စုနှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းများ ပြန်လည်အပ်နှံရန် ညွှန်ကြားထားကြောင်း စခန်းကော်မတီ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်း အမှတ် (၁) တွင် အသက်မပြည့်သေးသည့် လူငယ်များက မတူညီသည့် ဂိုဏ်းများ၊ အုပ်စုများ ဖွဲ့ထားကြခြင်းဖြစ်ပြီး ထိုသို့သော အုပ်စု အနည်းဆုံး ၅ ဖွဲ့ထက်မနည်း ရှိနေသည်။

ဒုက္ခသည်စခန်း အမှတ် (၁) စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက “ပထမဆုံးအချက် ကျနော်တို့ အဝတ်အစား လာအပ်ခိုင်းတယ်။ ပြီးတော့မှ ဖွဲ့ထားတဲ့ ဂိုဏ်းတွေက အဖွဲ့လိုက် ဆက်မလုပ်ဖို့။ တကယ်လို့ ဆက်လုပ်နေ မယ် ဆိုရင် ဒုတိယတစ်ကြိမ်ဆိုရင်၊ ပထမ အချက်အနေနဲ့ သတိပေးချက်ကို မလိုက်နာလို့ရှိရင် သူတို့ကို ဒုတိယ အကြိမ် ထပ်တွေ့မယ်။ သူတို့ဆက်လုပ်နေမယ် ဆိုလို့ရှိရင် စခန်းရဲ့ စည်းမျဥ်းစည်းကမ်းအရ အပြစ်ပေး အရေးယူ ခံရမှာ‌ပေါ့နော်။ သို့မဟုတ်ရင် အာဏာပိုင်တွေနဲ့ သူတို့ကိုယ်တိုင် ဝင်ရောက်ကိုင်တွယ်မယ်” ဟု ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

အဆိုပါ လူငယ်အုပ်စုများထဲမှ တစ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က မယ်ဟောင်ဆောင်ခရိုင်ရှိ ဒွိုင်းစန်ဖာ့ ရှုခင်းသာ (Viewpoint) လမ်းအတားအဆီးဘောင်ပေါ်တွင် “Karenni by Black King” ဟူသည့် စာသားကို ဆေးမှုတ် ရေးသားခဲ့သည်။

ထိုသို့ပြုလုပ်ခဲ့သောကြောင့် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ခံဝန်ကတိ ရေးထိုးစေခဲ့ကြောင်း သိရသည်။

ဆေးမှုတ်ခဲ့သည့် အဖွဲ့ဝင်များသည် အသက်မပြည့်သေးသည့် လူငယ်များ ဖြစ်ကြသောကြောင့် ထိုင်းအာဏာ ပိုင်များ၏ တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခြင်းမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ပြစ်မှုကျူးလွန်သည့် လူငယ်များကို စခန်းအတွင်း ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးထားသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကရင်နီဒုက္ခသည်ကော်မတီ (KnRC) က ကရင်နီဒုက္ခသည် များအတွင်း နောင်တွင် ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ထိုင်းအာဏာပိုင် များနှင့် ပူးပေါင်းကာ အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

လူငယ်များ ရေးသားခဲ့သည့် ဆေးမှုတ်စာသားများကို ပြစ်မှုကျူးလွန်သူ လူငယ်ကိုယ်တိုင် ပြန်လည် ဖျက်ဆီး ဆေးသုတ်ပြီး ဖြစ်သည်။

ထိုင်းအာဏာပိုင်များဘက်ကလည်း ယခုကဲ့သို့ အုပ်စုဖွဲ့လူငယ်များ၏ စည်းကမ်းမဲ့ လုပ်ရပ်များကြောင့် ကရင်နီ ဒုက္ခသည်စခန်းရှိ လူထုတစ်ခုလုံး ရသင့်ရထိုက်သည့် အခွင့်အရေးများ ထိခိုက် ဆုံးရှုံးလာနိုင်ကြောင်း စခန်းကော် မတီဝင်များကို သတိပေးပြောဆိုခဲ့သည်။

ယခုဖြစ်ရပ်သည် စခန်းတွင်းရှိ အုပ်စုဖွဲ့လူငယ်များ ကျူးလွန်သည့် ပထမဆုံးအကြိမ် ပြစ်မှုဖြစ်သောကြောင့် နောင်တွင် အလားတူ ဖြစ်စဉ်များ ထပ်မံမပေါ်ပေါက်စေရန်အတွက် စည်းကမ်းများ တင်းကျပ်စွာ ကိုင်တွယ်ရ ခြင်း ဖြစ်ကြောင်း စခန်းကော်မတီ တာဝန်ရှိသူက ပြောဆိုထားသည်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...