ဘီးလင်းတွင် စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ အရပ်သား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်

ဘီးလင်းတွင် စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ အရပ်သား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်

မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း စစ်ကြောင်းထိုး နေသည့် စစ်အုပ်စုတပ်က အရပ်သားပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က တက်တူကုန်းရွာနှင့် ကြက်ခြေခတ်ရွာဘက်သို့ စစ်အုပ်စု၏ အမှတ် (၄၄) ခြေမြန်တပ် မဌာနချုပ် လက်အောက်ခံ ခလရ-၈၊ အမှတ် (၃၁၄) အမြောက်တပ်ရင်းနှင့် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်သည့် စစ်ကြောင်း ထိုးလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် အထိနာ၍ နောက်ကြောင်းပြန်ဆုတ်လာသည့် စစ်အုပ်စုက ကျေးရွာနှစ်ရွာအကြားရှိ စေတီတော်မုခ် ဝ အနီး အရပ်သားနေအိမ် ၆ လုံးသို့ ဝင်ရောက်ကာ ပစ္စည်းများယူဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တက်တူကုန်းရွာနေ အသက် ၃၈ နှစ်အရွယ် ကိုခွန်ထက်ဦးနှင့် အမည်မသိ ယာဉ်မောင်းအမျိုးသား တစ်ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူများ၏ အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦး က KIC သို့ ယခုကဲ့သို့ ပြောသည်။

“တက်တူကုန်းက ရွာသားတွေပဲ။ ဒီနေ့အထိ ပြန်မလွတ်သေးဘူး။ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မိသားစုဝင်တွေလည်း မသိရသေးဘူး။ ဖမ်းဆီးခံရတဲ့ ကိုထက်ဦးက ဉာဏ်ရည်ချို့တဲ့သူလည်း ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၅ ရက်နေ့က သူအဖမ်းခံရတာ တစ်ရက်တည်းမှာပဲ အမျိုးသမီးတစ်ဦးပါ အတူတူ အဖမ်းခံရတယ်။ အဲဒီအမျိုးသမီးကတော့ နောက်နေ့မနက်မှာပဲ ပြန်လွှတ်လာပြီ။”

ထို့ပြင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် အရပ်သားကုန်ကားများနှင့် ကုန်ပစ္စည်းများကိုပါ စစ်အုပ်စုက သိမ်းယူခဲ့သည်ဟု ဆိုသည်။

ကုန်ကား ၂ စီးနှင့် ကုန်ပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကုန်တင်ယာဉ်အပါအဝင် အိမ်စီးမော်တော် ယာဉ် ၁၀ စီးခန့်ကိုလည်း စစ်ကြောင်းနှင့်အတူ ယူဆောင်သွားခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါကျေးရွာများမှ စစ်ကြောင်းပြန်ထွက်သွားပြီဖြစ်၍ ရွာခံအချို့ နေရပ်ပြန်နေကြသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည့်အရေး စိုးရိမ်ချက်ဖြင့် သတိထားနေထိုင်နေကြရကြောင်း ကေအဲန်ယူ သထုံ ခရိုင် တာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၅ ရက်နှင့် ၆ ရက်အတွင်း တက်တူကုန်းရွာနှင့် ကြက်ခြေခတ်ရွာကြား၌ ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုများတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိသော်လည်း စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံစစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။

July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...