ဂွမြို့နယ်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းမှ ဆက်တိုက် တိုက်ခိုက်

ဂွမြို့နယ်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းမှ ဆက်တိုက် တိုက်ခိုက်

ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ သလို ရေတပ် (နေဗီ) ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဇူလိုင်လ ၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဂွမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း နောက်ဘက်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ပြီး ရေတပ်သင်္ဘော တစ်စီးကလည်း အမြောက်ဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဒေသခံတစ်ဦးက “မနေ့က ဂျက်နဲ့လာပြီး ဗုံးချသွားတယ်။ ကျောင်းနောက်ဘက်ကိုကျတယ်။ တစ်ကြိမ် လာချ သွားတာပါ။ ထိခိုက်မှုရှိတာမျိုးတော့ မကြားသေးပါဘူး” ဟု ပြောသည်။

ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂွမြို့နယ် ပင်လယ်ပြင်တွင် ရောက်ရှိနေသည့် ရေတပ်သင်္ဘော တစ်စီးက လက်နက်ကြီးဖြင့် အချက် ၂၀ ကျော် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “နေဗီကပစ်တာက ယခင် တပ်ရင်းဟောင်းဖက်ကိုလည်းပစ်တယ်။ တောတောင် တွေ ဖက်လည်းပစ်တယ်။ နေရာကအစုံပါပဲ။ ဘယ်သူသေသေ၊ ပစ်နေတဲ့ သဘောပဲ။ ပစ်တာကလည်း အကြိမ် ရေ မနည်းဘူး” ဟု ပြောသည်။

ဂွမြို့နယ်နှင့် တစ်ဆက်တည်း တည်ရှိသည့် ရေကြည်မြို့နယ်အတွင်းရှိ စစ်တပ်၏ ကာကင်းကုန်းစခန်းများကို အာရက္ခတပ်တော် (AA) က တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်ကို လေကြောင်း၊ ရေကြောင်းမှ ပိုမို တိုက်ခိုက်လာခြင်းဖြစ်သည်။

အဆိုပါ ဒေသခံ အမျိုးသမီးက “ဂွမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမျိုးတော့ မကြားသေးဘူး။ အခုက စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေ၊ ရွာတွေ၊ တောတောင်တွေကို လေကြောင်းက ဗုံးကြဲတယ်။ ရေကြောင်းနေဗီတွေက လက်နက်ကြီးနဲ့ ပစ်တယ်။ ခုလိုမျိုး မကြာမကြာ ပစ်နေပါတယ်။ လူတိုင်းစိုးရိမ်နေရပါတယ်” ဟု ဆက်ပြောသည်။

ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင်လည်း ဂွမြို့အနီးဝန်းကျင်ကို ရေတပ်က လက်နက်ကြီးဖြင့် အချက် ၂၀ ကျော် ထပ်မံပစ်ခတ်ခဲ့သည်။

ဂွမြို့နယ်အတွင်း စစ်တပ်က လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အရပ်သားများ ဒဏ်ရာရရှိမှု များရှိနေပြီး၊ ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်း ၈ ရက်တာကာလအတွင်း အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဂွဒေသခံ ၃ ဦး သေဆုံးခဲ့ရသည်။

July 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ယာယီရပ်တန့်နေချိန်တွင်...
July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...