အကြောက်တရားအရိပ်အောက်က တိုင်းပြည်ရဲ့ ရင်သွေးငယ်များ

အကြောက်တရားအရိပ်အောက်က တိုင်းပြည်ရဲ့ ရင်သွေးငယ်များ

နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ စစ်ဆေးရေးဂိတ်များ၌ အပြစ်သားတစ်ဦးကဲ့သို့ သံသယမျက်လုံးများဖြင့် စစ်ဆေးမေးမြန်းခံနေကြရသည်။ လန်းဆန်းတက်ကြွမှု၏ ပြယုဂ်ဖြစ်ရမည့်အစား အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရသည့် ၎င်းတို့၏ဘဝမှာ ဖိနှိပ်ချုပ်ခြယ်မှုများအောက်တွင် တဖြည်းဖြည်း ပျောက်ဆုံးလျက်ရှိသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံရှိ လူငယ်ထုမှာ စိုးရိမ်ထိတ်လန့်မှုနှင့် သံသယမျက်လုံးများဖြင့် စောင့်ကြည့်ခံရသည့် ပစ်မှတ်များ ဖြစ်လာခဲ့သည်။ အထူးသဖြင့် အာဏာသိမ်း စစ်အုပ်စုက ပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက်တွင် လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်များကြောင့် လူငယ်များ၏ လွတ်လပ်စွာ သွားလာခွင့်မှာ လုံးဝပျက်သုဉ်းခဲ့ရခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုနှင့် အပေါင်းအပါများက လူငယ်များကို မြင်သည်နှင့် ‘၎င်းတို့ကို ပြန်လည်တိုက်ခိုက်မည့်သူ သို့မဟုတ် အန္တရာယ်ပြုနိုင်သူ’ ဟု ရှုမြင်ကာ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

လွတ်လပ်စွာ သွားလာခွင့်ရှိရမည့် လူငယ်များအတွက် အာဏာသိမ်းစစ်အုပ်စုက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် မြို့နယ်အတော်များများ၌ ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်များတွင် လူငယ်အမျိုးသားချင်း ဆိုင်ကယ်တစ်စီးတည်း အတူမစီးရခြင်း၊ အမျိုးသမီးမောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် လူငယ်အမျိုးသားများ လိုက်ပါမစီးနင်းရခြင်း စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

အဆိုပါ စည်းကမ်းချက်များမှာ လူငယ်များကို နည်းမျိုးစုံဖြင့် ဖိနှိပ်ထားသည့်ပုံစံ ဖြစ်နေပြီး ဘဝကို ခြိမ်းခြောက်ချုပ်နှောင်ထားသလို ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေတွင် နေထိုင်သည့် စောအောင်နှင့် စောမိုးအေးတို့ လူငယ်နှစ်ဦးသည် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်ရန်အတွက် ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) ပြုလုပ်ရန် ဖားအံမြို့သို့ သွားရောက်ခဲ့ကြသည်။ ကန့်သတ်ချက်ဥပဒေများနှင့် စစ်ဆေးရေးဂိတ်များကြောင့် မြို့ထဲသို့ သွားရောက်ရန် အလွန်ခက်ခဲခဲ့ရကြောင်း ၎င်းတို့က ပြန်ပြောင်းပြောပြသည်။

၎င်းတို့ရွာမှ ဖားအံမြို့သို့ ယခင်က ဆိုင်ကယ်ဖြင့် မောင်းနှင်ပါက ၂ နာရီကျော်သာ ကြာမြင့်သော်လည်း ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် မွန်ပြည်နယ်ဘက်သို့ တစ်ကွေ့ပတ်၍ သွားခဲ့ရသည်။ ထို့အပြင် လူငယ်အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် သွားလာပါက တင်းကြပ်စွာ စစ်ဆေးခံရရုံမက အခန့်မသင့်လျှင် စစ်မှုထမ်းရန် ဖမ်းဆီး (ပေါ်တာဆွဲ) ခံရနိုင်သောကြောင့် ၎င်းတို့နှစ်ဦးမှာ မော်တော်ကားဖြင့် သွားရန် စီစဉ်ခဲ့ရသည်။

ကရင်ပြည်နယ်ရှိ ကျေးလက်ဒေသခံ အများစုမှာ ဝစ်သောက်(Without) ဟုခေါ်သော လိုင်စင်မဲ့ကားများကိုသာ အသုံးများကြသဖြင့် မြို့ထဲသို့ သွားလာနိုင်ရန် လိုင်စင်ရှိသည့် ကားများကိုသာ ရှာဖွေငှားရမ်းခဲ့ရသည်။ သို့သော် ကားရရှိသည့်တိုင်အောင် လူငယ်နှစ်ဦးတည်း ခရီးသွားပါက ရဲရဲဝံ့ဝံ့ မတင်ရဲကြသဖြင့် မိဘဖြစ်သူ အသက်ကြီးပိုင်းများကပါ ကားပေါ်တွင် လိုက်ပါပို့ဆောင်ပေးခဲ့ရသည်။

ထင်မှတ်ထားသည့်အတိုင်းပင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ တရနာရွာ စစ်ဆေးရေးဂိတ်သို့ အရောက်တွင် အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့ဝင်များက ၎င်းတို့ကားကို တားဆီးခဲ့သည်။ ကားပေါ်တွင် ပါလာသည့် သက်ကြီးရွယ်အိုများကိုမူ မမေးမြန်းဘဲ လူငယ်နှစ်ဦးကိုသာ အချိန်ယူ၍ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“သူတို့ အများကြီးမေးတယ်။ ဖုန်းလည်းစစ်တယ်။ အဲဒီစစ်တဲ့လူတွေကလည်း ကျနော်တို့အရွယ် လူငယ်တွေပဲ။ တော်သေးလို့ ကားပေါ်ကလူတွေက တစ်ရွာထဲ မှတ်ပုံတင်ဖြစ်နေလို့ လွှတ်ပေးလိုက်တာ” ဟု စောအောင်က ပြောသည်။

ထိုကဲ့သို့ စစ်ဆေးခံရမှုကြောင့် ကြောက်စိတ်ဝင်သွားကာ ယခုအချိန်ထိ စစ်ဆေးရေးဂိတ်များရှိသည့် လမ်းများကို အမြဲရှောင်ကွင်း၍ သွားလာနေရသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်ဆေးရေးဂိတ်များ၌ လူငယ်များကို စစ်ဆေးမေးမြန်းရုံသာမက မြို့ပြများတွင်ပါ အချိန်မတော် အိမ်ပြင်ထွက်သည့် လူငယ်များသည် အခန့်မသင့်ပါက ပေါ်တာဆွဲခံရခြင်း၊ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခံရခြင်းများ ရှိနေသည်။ ထို့ကြောင့် မိဘများသည် အရွယ်ရောက်ပြီးစ မိမိတို့၏ သားသမီးများကို အိမ်ပြင်လွှတ်ရန် စိုးရိမ်ထိတ်လန့်နေကြရသည်။

လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံနှင့် ဒေသပေါင်းစုံမှ လူများအခြေချရာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တွင် ညအချိန်၌ လူငယ်များ မကြာခဏ ဖမ်းဆီးခံနေရသော်လည်း သတင်းများမှာ လူမသိသူမသိ ပျောက်ကွယ်သွားတတ်ကြောင်း မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောပြသည်။ ၎င်းတွင် အသက် ၁၉ နှစ်အရွယ် သားတစ်ဦးရှိသဖြင့် ညအချိန်ရောက်လျှင် အိမ်ပြင်သို့ လုံးဝမထွက်ခိုင်းရဲကြောင်း ဆိုသည်။

“အပြစ်လုပ်လို့ ဖမ်းတာကို အခုခေတ်က မကြောက်ရဘူး။ အပြစ်မရှိဘဲ ဖမ်းဆွဲခေါ်သွားမှာကို အကြောက်ဆုံးပဲ။ အပြစ်လုပ်ရင် ပိုက်ဆံထိုးပြီး ပြန်လွတ်လာနိုင်သေးတယ်။ ပေါ်တာဆွဲတာ၊ စစ်မှုထမ်းဖို့ ဆွဲတာကျတော့ လိုက်ဖို့ မလွယ်ဘူး” ဟု အဆိုပါ မြဝတီမြို့ခံက ပြောသည်။

၂၀၂၄ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုသည် စစ်မှုထမ်းပတ်စဉ် အပတ်စဉ် (၁၉) အထိ ခေါ်ယူနိုင်ခဲ့ပြီး ထိုအထဲတွင် လူပေါင်း ၉၅,၀၀၀ (ကိုးသောင်းငါးထောင်) ခန့်မှာ အတင်းအကျပ် စစ်မှုထမ်းရန် စုဆောင်းခြင်းခံခဲ့ရနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ၂၀၂၆၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် ဒေသအသီးသီးမှ လူငယ်များ လမ်းမပေါ်တွင် သွားလာစဉ် နေ့ခင်းနှင့် ညဘက်များ၌ ဖမ်းဆီးခံရမှု၊ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်စဉ်ပေါင်း ၂၇၀ ကျော်ကို အထောက်အထားများနှင့်တကွ မှတ်တမ်းတင်ထားနိုင်ကြောင်းလည်း OHCHR ၏ အစီရင်ခံစာက ဆိုသည်။

လူငယ်များ လမ်းမပေါ်တွင် ပျောက်ဆုံးမှု ပိုမိုများပြားလာသည့်နောက်ပိုင်း စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် လူပျောက်ကြော်ငြာထည့်သွင်းမှုကိုပါ ၂၀၂၅ ခုနှစ် ဩဂုတ်လမှစတင်၍ ပိတ်ပင်တားမြစ်ခဲ့သည်အထိ ဖြစ်ရပ်များမှာ ဆိုးရွားလာခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ရှမ်းပြည်နယ်မှတ်ပုံတင် (၁၃/ ကိုင်ဆောင်ထားသူ) လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးခြင်းနှင့် ငွေညစ်ခြင်း ဖြစ်စဉ်များသည် ၂၀၂၅ ခုနှစ်အတွင်း ပိုမိုဆိုးရွား လာခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း စစ်ဆေးရေးဂိတ်များနှင့် ဟိုတယ်၊ တည်းခိုခန်းများတွင် (၁၃/) မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို တင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်။

အဓိကအကြောင်းရင်းမှာ ထိုင်း-မြန်မာနယ်စပ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်လူမျိုးအချို့က ရှမ်းပြည်နယ်မှတ်ပုံတင်များကို ကိုင်ဆောင်ထားမှုရှိရာမှ စတင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် (၁၃/) မှတ်ပုံတင်တွေ့ရှိပါက အရပ်သားလူငယ်များကိုပါ နည်းမျိုးစုံဖြင့် ငွေညစ်၊ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လာခဲ့ကြသည်။

လက်ရှိတွင် မြဝတီမှ ဖားအံအထိ (၁၃/) မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များ သွားလာလိုပါက ယာဉ်မောင်းများကို မြန်မာငွေ သိန်းဂဏန်းအထိ ပေးဆောင်ရသည့် အခြေအနေများ ရှိနေသည်။ အချို့ယာဉ်မောင်းများမှာမူ စစ်ဆေးရေးဂိတ်များတွင် (၁၃/) ကိုင်ဆောင်ထားသည့် လူငယ်များ ပါဝင်လာပါက စစ်ဆေးဖြေရှင်းရသည်မှာ ရှုပ်ထွေးသဖြင့် အဆိုပါ လူငယ်များကို တင်ဆောင်ရန် ငြင်းဆင်လာကြသည်။

“ကိုယ်ကတော့ တင်ချင်တာပေါ့။ ဒါပေမဲ့ သူတို့အတွက်လည်း အန္တရာယ်များတယ်။ မဖြေရှင်း တတ်ရင်လည်း ဆူပူငေါက်ငမ်းခံရတော့ နောက်ပိုင်း အဲဒီဘက်က လူငယ်တွေပါရင် မတင်ရဲတော့ဘူး။ အမှန်ဆိုရင် အားလုံးက ဒီနိုင်ငံသားတွေပဲ။ ဒီနိုင်ငံမှာ လွတ်လပ်စွာ သွားလာခွင့် ပေးရမယ်” ဟု မြဝတီ-ဖားအံပြေးဆွဲသည့် ယာဉ်မောင်း စောချစ်အေးက ပြောသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း သွားလာလှုပ်ရှားနေသည့် လူငယ်များသည် စစ်မှုထမ်းရန် ပေါ်တာ ဆွဲခံရမည့် အန္တရာယ်အပြင်၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ဆက်နွှယ်မှု သို့မဟုတ် ဒေသတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်မှု ရှိ/မရှိ စသည့် စွပ်စွဲချက်မျိုးစုံဖြင့် ဖမ်းဆီးခံရနိုင်ခြေ ရှိနေသည်။

လူငယ်များကို မြင်သည်နှင့် အပြစ်သားတစ်ဦးကဲ့သို့ စစ်ဆေးမေးမြန်း၊ ဖမ်းဆီးနေသည့်အတွက် မိမိနိုင်ငံအတွင်း အကြောက်တရားဖြင့် ရှင်သန်နေရသည့် တိုင်းပြည်၏ ရင်သွေးငယ်ဖြစ်သော လူငယ်ထုသည် လွတ်လပ်ခွင့်ကို ရှာဖွေရင်း ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် တဖြည်းဖြည်း စွန့်ခွာထွက်ပြေးနေကြရတော့သည်။

May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...