မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက် ယခုနှစ် မိုးရာသီတွင် မိုးစပါးလုပ်ငန်းရပ်နားလိုက်သည့် တောင်သူများ ပိုများလာနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် အလုပ်သမားခများသည် ယမန်နှစ်ထက် သုံးဆနီးပါးအထိ မြင့်တက်နေသော်လည်း စပါးဈေးနှုန်းမှာ ထင်သလောက် မတက်လာသဖြင့် စိုက်ပျိုးလုပ်ငန်းတွင် အမြတ်ရရှိမှု မသေချာဘဲ အရှုံးပေါ်နိုင်ခြေ ပိုများနေကြောင်း တောင်သူများက ဆိုသည်။
ထို့ကြောင့် မုဒုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ကျိုက်မရောမြို့နယ်များတွင် နှစ်စဉ် မိုးစပါးစိုက်ပျိုးလေ့ရှိသော်လည်း ယခုနှစ်တွင် လယ်ဧကအများအပြားကို ဆက်လက်မစိုက်ပျိုးနိုင်ဘဲ ရပ်နားထားရကြောင်း သိရသည်။
“ဒီနှစ်က စိုက်ဖို့ငွေမလောက်ဘူး။ စိုက်ပျိုးစရိတ်တွေ အကုန်တက်နေတယ်။ ရောင်းတဲ့စပါးဈေးကလည်း မကောင်းတော့ အကြွေးပဲတက်လာတယ်။ အကျိုးအမြတ်လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ရပ်လိုက်တဲ့တောင်သူတွေ အများကြီးရှိတယ်။ ဧကထောင်ချီတောင် ရပ်ထားရတယ်” ဟု မုဒုံမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
အလားတူ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းတွင်လည်း မိုးစပါးစိုက်တောင်သူအများစုမှာ ရပ်နားထားရပြီး ချောင်းဆုံမြို့နယ်တွင်လည်း မိုးစပါးမစိုက်တော့သည့် လယ်ဧက သောင်းနှင့်ချီရှိလာကြောင်းလည်း ဆိုသည်။
လက်ရှိတွင် မြေသြဇာစျေးကျပ် ၂ သိန်းနီးပါးအထိ မြင့်တက်လာပြီး နေ့စားခတစ်ဦးလျှင် ၁ သိန်းဝန်းကျင်အထိ ပေးနေရသည်ဟု တောင်ပြောသူများက ပြောသည်။
ထိုအပြင် စက်သုံးဆီစျေးများမှာလည်း တစ်ပုံးလျှင် ကျပ် ၅ သောင်းဝန်းကျင်မှ လက်ရှိတွင် ကျပ် ၁ သိန်း ၈ သောင်းကျော်အထိ မြင့်တက်နေသည့်အပြင် အကန့်သတ်ဖြင့် ဝယ်ယူနေရသည်ဟု သိရသည်။
လယ်ယာမြေများကို ကြာရှည်မလုပ်ကိုင်ပါက ပျက်စီးဆုံးရှုံးနိုင်မည်ကို စိုးရိမ်သဖြင့် အမြတ်မရသော်လည်း တောင်သူအချို့ ဆက်လက်စိုက်ပျိုးနေကြရကြောင်း ဆိုသည်။
“အကျိုးမရှိဘူးဆိုတာ သိပေမယ့် မိဘလက်ဆင့်ကမ်းထားတဲ့ လယ်တွေကို မလုပ်ရင် တခြားသူလက်ထဲရောက်သွားမယ်။ အဲဒါကြောင့် အမြတ်မရလည်း ဆက်စိုက်နေရတာပါ။ မနှစ်ကလည်း အမြတ်မရဘူး။” ဟု ပေါင်မှ တောင်သူတစ်ဦးက ပြောသည်။
ယခုနှစ်တွင် စစ်ကော်မရှင်၏ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးတစ်ဧကလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် မေလ ၁၂ ရက်တွင် ချေးငွေထုတ်ပေးခဲ့သော်လည်း တောင်သူများအနည်းစုသာ သွားရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။
ဒေသခံတောင်သူများ၏ ပြောကြားချက်အရ စိုက်ပျိုးစရိတ်မြင့်တက်မှု၊ အလုပ်သမားရှားပါးမှုနှင့် မိုးရွာသွန်းချိန် မမှန်ကန်မှုတို့ကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးမှု သိသိသာသာလျော့နည်းပြီး အဆိုပါအခြေအနေကြောင့် မွန်တွင် စပါးထုတ်လုပ်နိုင်မှု တန်ချိန်လျော့နည်းလာမည်ဟုလည်း ဆိုသည်။







