မြေပုံမှ အရပ်သားရှစ်ဦးကို စစ်အုပ်စုနေဗီက ဖမ်းဆီးသွား

မြေပုံမှ အရပ်သားရှစ်ဦးကို စစ်အုပ်စုနေဗီက ဖမ်းဆီးသွား

မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ဦးဘရွှေသိန်း (၆၁)နှစ်၊ သူ၏သား ကိုညီညီလွင် (၂၈)နှစ်၊ ကိုစံရွှေမြင့်(၂၈)နှစ်၊ ကိုလုံးထောင် (၂၈)နှစ်၊ ဦးမောင်မောင်လွင်(၃၅)နှစ်၊ ကိုရဲကျော်သူ(၂၃)နှစ်၊ ကိုကျန်ကျောင်းချေ(၂၂)နှစ်နှင့် ကိုမောင်မောင်ကြီး(၂၂)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် မေလ ၁၆ ရက်တွင် ကျွန်းသာယာကျေးရွာမှ စက်လှေနှစ်စီးဖြင့် ထင်းနှင့် မီးသွေးတင်ရန်သွားစဉ် အမ်းမြို့နယ်၊ ရွှေကျွန်းကြီးအနီး ကျောက်ချရပ်နားထားသည့် အကြမ်းဖက်ရေတပ်၏ နေဗီတစ်စီးက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။

မြေပုံဒေသခံအမျိုးသားတစ်ဦးက “သူတို့ ဖမ်းဆီးခံရတာဟုတ်ပါတယ်။ အမ်းမြို့နယ်၊ ကျွန်းကြီးနားမှာ ဖမ်းသွားတာပါ”ဟု ပြောသည်။

ဖမ်းဆီးခံရသူများနှင့် ယနေ့ မေလ ၁၉ ရက်အထိ အဆက်အသွယ်မရသေးသလို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း မသိရသေးသည့်အတွက် မိသားစုများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

နောက်ထပ် မြေပုံဒေသခံအမျိုးသားတစ်ဦးကလည်း “သူတို့ ခုထိတော့ ပြန်မလွတ်သေးဘူး”ဟု နိရဉ္စရာကို ပြောသည်။

အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး ရခိုင်မှ ရေလုပ်သားများနှင့် ဒေသခံများကို ပင်လယ်ပြင်အတွင်း သွားလာလှုပ်ရှားခွင့် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်။

မိသားစုစားဝတ်နေရေးအတွက် အရဲစွန့်ပြီး ငါးလာဖမ်းသည့် ငါးဖမ်းစက်လှေများနှင့် ကုန်ပစ္စည်းများ သွားရောက်သယ်ဆောင်ကြသည့်စက်လှေများကိုလည်း နေဗီများက မကြာခဏ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများအနက် အချို့ကို ငွေညှစ်ပြီးနောက် ပြန်လွှတ်ပေးမှုများရှိသလို ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားသည့်ငါးဖမ်းသမားများလည်း ရှိနေသည်ဟု သိရသည်။

June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...
June 12, 2026
မောင်စာဂ — ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍...
June 12, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ...