ကျောက်တော်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရ

ကျောက်တော်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရ

မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရသည်ဟု သိရသည်။

လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသည့်ညီအစ်မနှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှ အသက် ၁၄ နှစ်အရွယ် အစ်မဖြစ်သူနှင့် အသက် ၈ နှစ်အရွယ် ညီမဖြစ်သူတို့ဖြစ်သည်။

သူတို့ညီအစ်မနှစ်ဦးကို ကျူးလွန်ခဲ့သူမှာ ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာမှ အသက် ၄ဝ ကျော်အရွယ် ဦးမောင်အေးလှဖြစ်သည်ဟု သိရသည်။

သူတို့ညီအစ်မနှစ်ဦးသည် ပြီးခဲ့သည့် ဧပြီလအတွင်း သူတို့မိဘနှင့်အတူ ယာခင်းအစောင့်လုပ်နေစဉ် ယာခင်းပိုင်ရှင်ဖြစ်သူ ဦးမောင်အေးလှက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျူးလွန်ခံရသည့် ညီအစ်မနှစ်ဦးအနက် အစ်မဖြစ်သူသည် ပြီးခဲ့သည့်ဧပြီလအတွင်း ယာခင်းပိုင်ရှင်နှင့်အတူ ယာခင်းမှနေ၍ ရွာသို့ပြန်လာစဉ် လမ်းတွင် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယခုဖြစ်စဉ်မှာ သက်ငယ်မုဒိမ်းမှုမြောက်သည်ဟုလည်း ဒေသခံများက ပြောသည်။

အလားတူ ဧပြီလအတွင်းပင် ညီမဖြစ်သူသည်လည်း မိဘများ အလုပ်သွားနေစဉ် အဆိုပါယာခင်းပိုင်ရှင် ဦးမောင်အေးလှက မဖွယ်မရာပြုလုပ်ခိုင်းခဲ့သည့်အတွက် ပြုလုပ်ခဲ့ရကြောင်း မိဘများကို ပြန်ပြောပြချက်အရ သိရသည်။

ကနဦးတွင် အဆိုပါညီအစ်မနှစ်ဦးကို မိဘများအား ပြန်မပြောရန် ကျူးလွန်သူ ဦးမောင်အေးလှက ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ကျူးလွန်ခံရသူညီအစ်မနှစ်ဦးက မိဘများကို ဖွင့်ဟပြောပြခဲ့ကြောင်း ဒေသခံများက နိရဉ္စရာကို ပြောသည်။

ယခုကိစ္စကို သိရှိထားသည့် ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက “ဒီကိစ္စဖြစ်တာတော့ အခုဖြစ်တာမဟုတ်ဘူး။ တစ်လကျော်လောက်တောင်ရှိပြီ။ တရားခံကိုတော့ လိုက်ပြီးတော့ ရှာနေကြပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ကျူးလွန်သူ ဦးမောင်အေးလှကို ဒီလပ်တပ်ဖွဲ့က အမှုဖွင့်ထားပြီး လိုက်လံရှာဖွေလျက်ရှိသည်ဟု သိရသည်။

ကျူးလွန်သူတွင် ဇနီးမယားလည်းရှိသည်ဟု သိရသည်။

ရခိုင်တွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းရွာတွင် အသက် ၆ဝ အရွယ် ဦးသင်္ခါကျော်က အသက် (၄)နှစ်အရွယ် တစ်ရွာတည်းနေ မိန်းကလေးငယ်အား လိမ်လည်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း မြောက်ဦးမြို့တွင် အသက်မပြည့်သေးသည့် KG တန်း ကျောင်းသူ မိန်းကလေးငယ်လေးဦးကို အဓမ္မပြုကျင့်ရန်ကြံစည်သည့် ဘုန်းတော်ကြီးသင်ပညာရေး(ဘက)ကျောင်းတစ်ကျောင်းမှ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်ငယ်(ခ)မောင်တင်နုကို ဒီလပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ၁၆ ရက်ကလည်း မောင်တောမြို့နယ်၊ အောင်သုခရွာ၌ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက်(၁၆)နှစ်အရွယ်လူငယ်တစ်ဦးက မုဒိမ်းကျင့်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းအပြင် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူကြီးကျေးရွာတွင်လည်း မတ်လ ၃ ရက်နေ့က အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းမှု ကျူးလွန်ခံခဲ့ရသည်။

မုဒိမ်းကျင့်ရန်ကြံစည်အားထုတ်မှု(Attempt to Commit Rape)သည် ကြီးလေးသော ပြစ်ဒဏ်ကို ကျခံရနိုင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀) နှစ်အထိ အများဆုံး ကျခံရနိုင်သည်ဟု အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အကယ်၍ သက်ငယ် မုဒိမ်းမှုကျူးလွန်လျှင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ “မည်သူမဆို အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် တသက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...