မက်မန်းမြို့နယ်တွင် တရုတ်နိုင်ငံသား ကျားဖြန့် ၉၀ ကို ဖမ်းမိ

မက်မန်းမြို့နယ်တွင် တရုတ်နိုင်ငံသား ကျားဖြန့် ၉၀ ကို ဖမ်းမိ

သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု  (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဟိုပန်မြို့ကို UWSA က ထိန်းချုပ်လိုက်ခြင်းကြောင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၏ ရုံးစိုက်ရာမြို့ကို စစ်ကော်မရှင်ထိန်းချုပ်မှုအောက်ရှိ မက်မန်းခရိုင် မက်မန်းမြို့သို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ 

ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက်အတွင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ် လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများထဲတွင် ဂြိုဟ်တုအင်တာနက်စနစ်ဖြစ်သော Starlink စက် ၁၀ လုံး၊ ကွန်ပျူတာ ၅၀ နီးပါး၊ မီးစက်ကြီး ၂၀ လုံးနှင့် ဆိုလာစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့်ပစ္စည်းများ ပါဝင်သည်။ 

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ အဆိုပါနေရာတွင် လူနေဆောင်နှင့် လုပ်ငန်းခွင်ဆောင်ပေါင်း ၆၀ ကျော်၊ ဆေးဂိုထောင်၊ ရိက္ခာဂိုထောင်နှင့် ရေသန့်စက်များအထိ စနစ်တကျ တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

၎င်းအပြင် ဆန်အိတ် ၁၀၀ နှင့် အခြားစားသောက်ကုန် အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို ဥပဒေကြောင်းအရ စစ်ဆေးပြီးနောက် လူသားချင်းစာနာမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ တရုတ်နိုင်ငံအစိုးရထံ တရားဝင်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် တောတွင်းတစ်နေရာတွင် အခြေစိုက်၍ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅၂ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦးကို စစ်ကော်မရှင်က ပြီးခဲ့သည့် (မေလ ၄ ရက်) တွင် ဖမ်းဆီးရမိခဲ့သည်။ 

သို့သော် ယခုဖမ်းဆီးမှုများသည် အမှန်တကယ် အပြစ်ပြတ်ချေမှုန်းခြင်းထက် နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန် လုပ်ဆောင်သည့် ဟန်ပြတစ်ခုသာ ဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို သုံးသပ်ပြောကြားခဲ့ဖူးသည်။ 

သျှမ်းပြည် မူဆယ်၊ တာချီလိတ်၊ မိုင်းပန်၊ နမ့်စန်၊ သီပေါ၊ မက်မန်းနှင့် အခြားနေရာများတွင် ဖမ်းဆီးပြနေခြင်းမှာ တရုတ်နိုင်ငံကို စိတ်ကျေနပ်စေရန်နှင့် အမေရိကန် ဦးဆောင်သည့် ဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေး အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ကော်မရှင်အနေဖြင့် ဆန့်ကျင်တိုက်ဖျက်နေသည်ဟု ပြသရန် ဟန်ပြလုပ်ဆောင်ခြင်း သက်သက်သာ ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက Cyber Scam Task Force ကို ဖွဲ့စည်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများမှာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) က ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကြေညာလိုက်သည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...