ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့် ရခိုင်အမျိုးသား ၆ ဦး အထဲမှ ၁ ဦးမှာ စစ်တပ်၏ပြင်းထန်စွာရိုက်နှက်ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ကိုအောင်အောင်ဖြစ်ကြောင်း မျက်မြင်စစ်ဘေးရှောင်များက ပြောကြားသည်။
ကိုအောင်အောင်အပါအဝင် ဦးကျော်သန်းလှိုင်၊ ကိုအေးကျော်၊ ကိုမြထွန်းစသည့် ရခိုင်လူမျိုး ၆ ဦးအား မေလ ၉ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့မှစစ်တွေမြို့၊ စိတ္တသုခကမ္မဋ္ဌာန်းဘုန်းကြီးကျောင်းမှ ဖမ်းဆီးခဲ့သည်ဟု စစ်ရှောင်ဒေသခံအမျိုးသား တစ်ယောက်က နိရဉ္စရာကို ပြောသည်။
“ သူတို့က ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေကြတဲ့သူတွေပါ။ သူတို့ကို ၆ ယောက်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီး အမှောင်ထဲမှာရိုက်နှက်တာတွေပြုလုပ်ခဲ့တဲ့အတွက် ကိုအောင်အောင်ကဘုန်းတော်ကြီး ကျောင်းထဲမှာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ AA လို့ စွပ်စွဲပြီးရိုက်တာ”ဟု ပြောသည်။
၎င်းတို့အား ဧည့်စာရင်းစစ်ဆေးရာကနေဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သူတို့နှင့် ဆွေမျိုးတော်စပ်သူ စစ်ရှောင်အမျိုးသမီးတစ်ယောက်က နိရဉ္စရာကိုပြောဆိုသည်။
" စစ်သားနဲ့ရဲတွေက ဘုန်းကြီးကျောင်းတွေကို မကြာမကြာစစ်တယ်။ စစ်ရှောင်တွေကဘုန်းကြီးကျောင်းမှာနေတာများတယ်။ အခုဖမ်းသွားတာက စစ်တွေမြို့ခံမဟုတ်လို့ အထောက်ထားမပြည့်စုံ နယ်ကလူတွေဆိုပြီးဖမ်းသွားတာ။သူတို့က စစ်ရှောင်နေကြတာ ကြာပြီ" ဟုပြောသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် စစ်သားများက ၎င်းတို့အား လက်သီးဖြင့်ထိုး၊ မျက်နှာများကို စစ်ဖိနပ်များဖြင့် ကန်ကျောက်ကြရာမှ ကိုအောင်အောင် သေဆုံးသွားခြင်းဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုသည်။
" ၆ ယောက်စလုံးကို ကျောင်းထဲမှာရိုက်တာ။ လက်သီးတွေနဲ့ထိုးတယ်။ ကန်တယ်။ လက်နက်နဲ့ရိုက်တယ်။ မျက်နှာတွေကို စစ်ဖိနပ်တွေနဲ့ကန်တယ်။ ကိုအောင်အောင်က နှိပ်စက်တာမခံနိုင်လို့သေသွားတယ်။ အလောင်းကို ကျန်တဲ့သူတွေနဲ့အတူ ကားနဲ့ ယူသွားတယ်။ လူ့အခွင့်အရေး တော်တော်ချိုးဖောက်တာ" ဟုပြောသည်။
မေလ ၉ ရက်နေ့က အကြမ်းဖက်မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ တပ်ဦးကျောင်း၊ စိတ္တသုခကမ္မဋ္ဌာန်းကျောင်း၊ မိုးကုတ်ကျောင်းနှင့် သရက်တောကျောင်းများအပါအဝင် နေရာတချို့ကို ဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော်မှ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ပြီး နေ့တိုင်းလိုလို ဧည့်စာရင်း စစ်ဆေးနေကာ အထူးသဖြင့် အမျိုးသားများကို ပစ်မှတ်ထား စစ်ဆေးနေပြီး မသင်္ကာသူများကို ဖမ်းဆီးကာ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများကို ပုံမှန်ပြုလုပ်လျက်ရှိနေသည်ဟု သတင်းရရှိသည်။







