ဒေသတွင်း မူးယစ်ဆေးနှင့် လောင်းကစားကိစ္စများကို အရေးယူမည်ဟု DKBA ပြော

ဒေသတွင်း မူးယစ်ဆေးနှင့် လောင်းကစားကိစ္စများကို အရေးယူမည်ဟု DKBA ပြော

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးနှင့် လောင်းကစားပြဿနာများကို အတတ်နိုင်ဆုံး အရေးယူဖြေရှင်းပေးသွားမည်ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက ပြောဆိုသည်။

မေလ ၇ ရက်နေ့တွင် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ဒေသ၌ ပြုလုပ်ခဲ့သည့် စစ်ဦးစီးချုပ်နှင့် ဒေသခံလူထု ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံလူထုဘက်မှ အချက် (၁၀) ချက်ခန့် တင်ပြတောင်းဆိုခဲ့သည့်အနက် ဒေသတွင်း ဆိုးကျိုးဖြစ်ပွားစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် လောင်းကစားပြဿနာများကို အရေးယူ ဖြေရှင်းပေးရန် ထည့်သွင်းတောင်းဆိုခဲ့ကြခြင်းအပေါ် DKBA ဘက်က အရေးယူဆောင်ရွက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောဖားဘလဲ့က “မူးယစ်ဆေးဝါး ပပျောက်အောင် မလုပ်နိုင်သည့်တိုင်အောင် လုံးဝလျော့ကျသွားအောင် ခေါင်းဆောင်တွေက ဆန္ဒရှိတယ်။ ကျေးရွာအတွင်း လောင်းကစားကိစ္စတွေနဲ့ ပတ်သက်လို့လည်း တိုင်ကြားလာရင် အရေးယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တွေ့ဆုံပွဲသို့ လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဖလူး၊ ဝေါလေ၊ ထီးသဲလယ် အစရှိသည့် ကျေးရွာများ အပြင် ဆုံဆည်းမြိုင်၊ ဝါးမီထ၊ သေ့ဘောဘိုး၊ စုကလိ အပါအဝင် ကျေးရွာပေါင်း ၁၉ ရွာမှ ဒေသခံ ၄၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ဒေသခံများအနေဖြင့် လတ်တလော တိုက်ပွဲများကြောင့် စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲများ၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များအပြင် ကျေးရွာအတွင်း လူစိမ်းဝင်ရောက်မှု များပြားလာခြင်းနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် DKBA ခေါင်းဆောင်များထံ မေးမြန်းတင်ပြခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဖလူးကြီး ကျေးရွာ ဥက္ကဋ္ဌ စောတင်မောင်ထွန်းက “ကျနော်တို့ တင်ပြတာတွေကို သူတို့ အကောင်းဆုံး လုပ်ဆောင်ပေးမယ်လို့ပြောတဲ့အတွက် ကျေးဇူးတင်တယ်။ ဒီနေ့ ထွက်လာတဲ့ ဆုံးဖြတ်ချက် အားလုံးအပေါ်မှာလည်း စိတ်ကျေနပ်မှု ရှိပါတယ်။ ကျနော်တို့ကတော့ ဒေသတွင်းငြိမ်းချမ်းမှုကိုတော့ တကယ်လိုအပ်နေပါတယ်” ဟု ပြောသည်။

၎င်းတွေ့ဆုံပွဲသို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင် တို့နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်မှ မြဝတီမြို့နယ် တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် DKBA ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး စောရွှေဝ အနေဖြင့် တာဝန်ယူပြီး ၄ လအကြာတွင် ဒေသခံလူထုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...