ကရင်နီဒုက္ခသည်အမှတ်(၁)မှာ ဝက်အကောင်ရေ ၈၀ ဝန်းကျင် သေဆုံး

ကရင်နီဒုက္ခသည်အမှတ်(၁)မှာ ဝက်အကောင်ရေ ၈၀ ဝန်းကျင် သေဆုံး

ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု ကူးစက်ဖြစ်ပွားကာ ၂ ပတ်အတွင်း ဝက်အကောင်ရေ ၈၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ စခန်းဥက္ကဋ္ဌ ကိုစိုင်းလုံက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

နာမကျန်းတဲ့ဝက် အစုအပြုံလိုက် သေဆုံးမှုကို စစ်ဆေးနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ဝက်သားရောင်းဝယ်မှု မပြုလုပ်ဖို့ ၊ သေဆုံးတဲ့ဝက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ ၊ ဖျားနာတဲ့ ဝက်တွေကို စခန်းကျန်းမာရေးဌာနကို အကြောင်းကြားဖို့ စခန်းကော်မတီက စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။

"စခန်းတစ်ခုလုံး ခန့်မှန်းခြေကတော့ ၈၀ ကျော်လောက် ရှိပြီ။ဝက်ရဲ့ ရောဂါလက္ခဏာကို ကျနော်တို့ သေချာမစစ်ဆေးရသေးတဲ့အတွက် သေသွားတဲ့ လက္ခဏာက ဘာရောဂါလဲဆိုတာ လူတွေကိုတဆင့် ကူးစက်မှုစိုးရိမ်လို့ အကန့်အသတ်မရှိ အရေးပေါ် အခြေအနေ ကြေညာထားတယ်။ အကယ်၍ ဝက်ရဲ့ လက္ခဏာ ကိုသိရရင်တော့ တမျိုး ပြန်ပြီး ပြောင်းရင် ပြောင်းနိုင်တာပေါ့ "လို့ ဥက္ကဋ္ဌဦးစိုင်းလုံက ဆိုပါတယ်။

စခန်းကော်မတီက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ဝက်သားရောင်းဝယ်မှု အချိန်အကန့်သတ်မရှိ ယာယီပိတ်ပင်တာ၊ သေဆုံးသွားတဲ့ ဝက် နဲ့ ဖျားနာတဲ့ ဝက်တွေကို မရောင်းဖို့ မစားဖို့ ၊ ဝက်တွေ အသားတွေကို ရွာပြင်သော်လည်ကောင်း၊ စခန်းအတွင်းသော်လည်ကောင်း သယ်ယူပို့ဆောင် ခြင်း မလုပ်ဖို့၊ သေသွားတဲ့ ဝက်တွေကို မီးရှို့ခြင်း(သို့မဟုတ်) တွင်း(၆ပေ) တူးပြီး မြှုပ်နှံမည့်နေရာမှာ ဆေး ဖြန်းပေးဖို့၊ သေဆုံးတဲ့ဝက်တွေကို ရေထဲ၊ ချောင်းထဲနဲ့ အမှိုက်ပုံတွင်းမပစ်ချဖို့ ၊ ဖျားနာမှုနဲ့ သေဆုံးတဲ့ ဝက်တွေကို တွေ့ရှိရင် စခန်းကော်မတီနဲ့ ကျန်းမာရေးဌာနကိုသတင်းပေးပို့ ဖို့၊ ဝက်သေဆုံးတဲ့ ဝက်ခြံကိုလည်း ဆေးဖြန်းပေးဖို့ ၊ ပွဲလမ်းသဘင်နဲ့ သာရေး၊နာရေးအတွက် ဝက်တွေကိုရောင်း/ဝယ်ခြင်းမပြုလုပ်ကြသေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

"ကျမတို့တော့ ဝက်မမွေးထားဘူးပေါ့နော။ ဝက်သေတာတော့ အများကြီးရှိတယ်။ ကိုယ့် ဝက် သေတဲ့ထဲ မပါဘူးဆိုပေမယ့် ထိရောက်တယ်ပေါ့နော။ ဥပမာ ရိုးရာလုပ်မလား၊ ဘာညာဆိုလည်း ဝက်လိုတာမျိုးဆို ဒီအချိန် ဝက်လိုရင် ဝက်ရှိရင်လည်း ဝယ်ယူဖို့ အဆင်မပြေဘူး။ ဝက်အခြေအနေလည်း ကိုယ်မသိနိုင်ဘူးဆိုရင်ပေါ့။"လို့ စခန်းနေ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒုက္ခသည်စခန်းနေ လူထုတွေဟာ မိသားစုစားဝတ်နေရေး သက်သာချောင်ချိရေးအတွက် တပိုင်တနိုင် ဝက်မွေးမြူကြတာပါ။ ပြီးခဲ့တဲ့နှစ်တွေက ဝက်နာမကျန်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ပေမယ့် အခုလို ဝက်အကောင်ရေ အများအပြား ကူးစက်သေဆုံးမှုဖြစ်ပွားတာက စခန်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဝက်အကြီးတကောင်ကို ထိုင်းဘတ်ငွေ ၅၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။ အခုလိုဝက်နာကျ၊ သေဆုံးမှုတွေကြောင့် စခန်းနေလူထုတွေအတွက် စားဝတ်နေရေးမှာ ဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...