ကချင်ပြည်မှာ စစ်ရေး ပိုမို တင်းမာလာနိုင်ဟု KIO သတိပေး

ကချင်ပြည်မှာ စစ်ရေး ပိုမို တင်းမာလာနိုင်ဟု KIO သတိပေး

စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု ကချင်လွတ်လပ် ရေးအဖွဲ့ KIO သတိပေးလိုက်သည်။

စစ်တပ်ဘက်မှ စစ်ဦးစီးချုပ်အသစ် အပြောင်းအလဲပြုလုပ်လာမှုနှင့်အတူ လက်စွမ်းပြလိုသည့် ဆန္ဒရှိနိုင်သဖြင့် ကချင်ပြည်အတွင်း ရှေ့လာမည့်ကာလများတွင် စစ်ရေးပိုမိုတင်းမာလာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို အမြဲနားစွင့်ကာ သတိဖြင့် သွားလာကြရန် KIO အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်သည်။

လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “စစ်ကော်မရှင်တွေလည်း အခုသူတို့ အပြောင်း အလဲတွေပေါ့နော်။ အင်္ကျီတွေ အဝတ်အထည်တွေလဲပြီးမှ အစိုးရဖွဲ့စည်းတဲ့ အချိန်ကာလဆိုတော့ သူတို့လည်း စစ်ဦးစီးချုပ်လည်း အခု အသစ် ပြန်ရွေးလာတယ်ဆိုတော့ သူလည်း နည်းနည်းလက်စွမ်းပြချင်တဲ့ ဆန္ဒလည်း ရှိမှာပေါ့။ ဒါကြောင့် စစ်ရေး အခြေအနေကိုတော့ အမြဲတမ်းနားထောင်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

မြေပြင်အခြေအနေများအရ ဗန်းမော်မြို့နယ်ရှိ ခလရ (၄၀) ပတ်ဝန်းကျင်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို အမြဲတမ်းပြုလုပ်နေကြောင်း ဆိုသည်။ 

ထို့ပြင် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားနှင့် စံပြတောင်တစ်ဝိုက်တွင်လည်း ထိတွေ့ရင်ဆိုင်တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေသဖြင့် အမြဲတမ်း သတိအနေအထားဖြင့် စောင့်ကြည့်နေရသည့် အခြေအနေဖြစ်သည်။

တနိုင်းဒေသရှိ ပယင်းမှော်ဘက်တွင် KIA နှင့် ပူးပေါင်းတပ်များက စစ်တပ်၏ အခိုင်အမာစခန်းများကို ထိုးစစ် ဆင်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ဧပြီလ ၂၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်ဖြစ်နေ သည်ဟု ပြောသည်။

“ပယင်းမှော်ဖက်မှာ ဖြစ်ပါတယ်။ နန်ဗျူချောင်းတစ်ကြောလုံးမှာရှိတဲ့ စစ်ကော်မရှင်တပ်တွေ အဓိကကတော့ ဝှေ့လော့ဆိုတဲ့ စခန်းရယ်၊ နောက် ဟာလောင်ကောင်ဆိုတဲ့ စခန်းရယ်ပေါ့။ အဲဒီစခန်း ၂ ခုရဲ့ ရှေ့တန်း ကာကင်း ဖြစ်နေတဲ့ အဲဒီလမ်းတစ်ကြောမှာ ဖွင့်ထားတဲ့ ကာကင်းပို့စ် ၂ ခုကတော့ သိမ်းပိုက်လိုက်တာ ရှိပါတယ်။ ဒါပေ မယ့် ဟို အခိုင်အမာ လုပ်ထားတဲ့ စခန်း ၂ ခုကိုတော့ မသိမ်းရသေးပါဘူး။ အဲဒီနေရာဖက်မှာလည်း တိုက်ပွဲက တော့ ဆက်ဖြစ်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲများ တစ်ပတ်ခန့် ငြိမ်သက်နေသော်လည်း စစ်တပ်၏ ဗျူဟာကုန်းမှ လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရသူ နေ့စဉ်နှင့်အမျှတိုးလာနေသည်ဟု ဆိုသည်။ 

ထို့ပြင် ဧပြီလ တတိယပတ်အတွင်း လုံးခင်းဘက်ရှိ ဆေးဆိုင်နှင့် တည်းခိုခန်းများတွင် ပြည်သူများကို ဖမ်းဆီးမှု များရှိနေသဖြင့် ဖားကန့် တစ်ခွင်လုံးတွင် အချိန်မရွေး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်သည့် အခြေအနေ တွင် ရှိနေသည်။

အခြားတစ်ဖက်တွင်မူ ခေါင်လန်ဖူးဒေသရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များအတွင်း စစ်မတိုက်ချင်သဖြင့် ထွက်ပြေးမှုများ ရှိနေသည်။ 

ပူတာအိုအခြေစိုက် ပြည်သူ့စစ်အဖွဲ့ဝင်များသည် နေရပ်ပြန်ပါက ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြပြီး ဒေသခံများ၏ ပြောပြချက်အရ ၎င်းတို့မှာ ကြောက်လန့်နေသည့် အနေအထားရှိကြောင်း သိရသည်။

လက်ရှိတွင် လမ်းပိုင်းအချို့ကို ပြည်သူလူထု လုံခြုံရေးအတွက် KIA ဘက်မှ အကန့်အသတ်မရှိ ပိတ်ထားရခြင်း ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် မြေပြင်နှင့် ဝေဟင်သတင်းများကို ဂရုတစိုက် နားထောင်ရင်း သွားလာကြရန် ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းထားသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...