စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို တိုက်ခိုက်မှုကျူးလွန်နေသည့်အပေါ် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (သို့မဟုတ်) စီရင်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာတရားရုံးက တရားဝင်စုံစမ်းစစ်ဆေးပေးရန် ကရင်အမျိုးသမီးအစည်းအရုံး-KWO က တောင်းဆိုသည်။
ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော ကော်သူးလေနယ်မြေ ဒေသအချို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးခြင်းနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးမှုရှိခဲ့သည့်အပေါ် KWO ၏ ဧပြီလ(၂၁)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
"မိသားစုတွေ အတူပျော်ကြတဲ့အချိန်အခါကို စစ်အုပ်စုက တမင်တကာရွေးပြီးတော့မှ လုပ်တာပါ။ ဒါကမတော်တဆမဟုတ်ဘူး၊ အရပ်သားတွေကိုပစ်မှတ်ထားပြီး တွက်ချက်လုပ်ဆောင်တဲ့ ထိတ်လန့်စရာလုပ်ရပ်ဖြစ်ပါတယ်။" ဟု KWO ဥက္ကဋ္ဌ နော်ကညောဖောက ပြောသည်။
စစ်အုပ်စု၏ထိုလုပ်ရပ်များအပေါ် နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC) သို့မဟုတ် တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးမှ တရားဝင်စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရမည်ဟု KWO က ဆိုသည်။
အီရန်အရေးကြောင့် တစ်နိုင်ငံလုံး လောင်စာဆီပြတ်လပ်မှုကြုံနေရသည့်အချိန်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကျူးလွန်ရန် လေယာဥ်အတွက် ဆီကိုဦးစားပေးသုံးစွဲနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ထောက်ပြသွားသည်။
ယင်းကြောင့် နိုင်ငံတကာအနေဖြင့် စစ်အုပ်စုထံ လေယာဥ်ဆီနှင့်လက်နက်တင်သွင်းမှုကိုပါ ပိတ်ပင် ဖိအားပေးရမည်ဟု KWO က ပြောသည်။
ဧပြီလ(၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား(၈)ဦးသေဆုံးကာ (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ်စုစုပေါင်း(၁၀၀)ကျော်ပျက်စီးသလို အများပြည်သူပိုင်အဆာက်အဦး(၂၂)ခုလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း KWO မှတ်တမ်းအရ သိရသည်။
ထို့အပြင် နယ်မြေတွင်းရှိ ဒေသခံ(၁၀,၀၀၀)ကျော် စစ်ဘေးရှောင်ခဲ့ရပြီး ၎င်းတို့အတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု ဆိုသည်။
စစ်ဘေးရှောင်များအတွက် ထိရောက်သောအကူအညီပေးနိုင်ရေး နိုင်ငံတကာအနေဖြင့် နယ်စပ်ဖြတ်ကျော်ပံ့ပိုးကူညီမှုပေးရန်လည်း KWO က တိုက်တွန်းထားသည်။
လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ကျုးကျော်စစ်ရာဇဝတ်မှု စသည်ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ခြိမ်းခြောက်လာသော ရာဇဝတ်မှုကျူးလွန်ပါက တရားစီရင်ပိုင်ခွင့်အတွက် ICC တွင် အာဏာရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း အာဏာသိမ်းသမ္မတမင်းအောင်လှိုင်အား လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ပေးရန် ICC အစိုးရရှေ့နေက ကြိုးပမ်းမှုရှိခဲ့သည်။
လက်ရှိတွင် KWO အပါအဝင် အခြားကရင်အရပ်ဖက်အဖွဲ့များကလည်း ကော်သူးလေတွင်ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှ စစ်အုပ်စုကိုအရေးယူပေးရန် တောင်းဆိုမှုအရှိန်မြင့်လျက်ရှိသည်။







