သျှမ်း-ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “အမှတ်(၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)”ဖွဲ့စည်း

သျှမ်း-ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “အမှတ်(၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)”ဖွဲ့စည်း

စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားစုပေါင်းပြီး “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

“အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် တပ်ပေါင်းစုညီလာခံ တစ်ရပ်ကို ဦးစွာကျင်းပခဲ့ပြီး အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်တွင် “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”အဖြစ် စုပေါင်း ဖွဲ့စည်လိုက်ပြီး ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ကရင်နီ နယ်စပ်တကြောတွင် လှုပ်ရှားနေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ ဗျူဟာအမှတ် (၁) နှင့် ဗျူဟာအမှတ် (၈) ၊ မိုးဗြဲဒေသရှိ (PDF) တပ်ရင်းတပ်ဖွဲ့ တချို့ နှင့် Local တပ်ရင်းတို့ ပါဝင်ကြောင်း သိရသည်။

“မိုးဗြဲမြို့မှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့အပြင် ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ နယ်စပ်တကြောမှာ လုပ်ရှားနေတဲ့ တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တာ ရှိပါတယ်။ စစ်ရေးအရတော့ ခုထိ ပူးပေါင်းမှုမှာ မပါဝင်သေးတဲ့ အဖွဲ့ရှိသလို မပါဝင်တော့တဲ့ အဖွဲ့တွေလည်း ရှိတယ်။ လက်ရှိမှာ တစ်ဖွဲ့လုံး ပါဝင်ပူ‌ပေါင်းတာမျိုး မဟုတ်သေးပါဘူး၊ ရဲဘော်တချို့တော့ ပါဝင်ထားတာ ရှိပါတယ်ဗျ” စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်ပေါင်းစု အနေဖြင့် ပုဂ္ဂိုလ်စွဲ၊ တပ်ဖွဲ့စွဲများ မထားဘဲ တူညီသော စစ်ရေး နိုင်ငံရေး ခံယူချက်၊ တပ်အလံနှင့် ဘက်တံဆိပ်များကို ဝတ်ဆင်ကာ “အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” အမည်ဖြင့် ချီတက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်း -ကရင်နီနယ်စပ်ရှိ အချက်အချာကျသော နေရာများဖြစ်သည့် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့၊ ပင်လောင်းနယ်စပ်၊ ပေါင်းလောင်းနယ်စပ်နှင့် အနောက်ဘက် နေပြည်တော် ကောင်စီနယ်မြေအထိ ကျယ်ပြန့်စွာ လှုပ်ရှားမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) အဖွဲ့ရဲ့ လှုပ်ရှားမှုက မိုးဗြဲအပြင် ဖယ်ခုံမြို့နယ်၊ ပင်လောင်း၊ ပေါင်းလောင်းနဲ့ နေပြည်တော် ကောင်စီနယ်မြေအထိ လှုပ်ရှားမှုရှိပါတယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

ဧပြီလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ (မိုးဗြဲနယ်)” ဖွဲ့စည်းမှု အခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFဥက္ကဋ္ဌ ခွန်းဘီထူး၊ KNDF ဗဟိုကော်မတီဝင်များနှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC မှ တာဝန်ရှိသူများ အပါအဝင် ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” သည် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ကာကွယ်ရေးဌာန (DOD)၊ ကရင်နီ ပူးတွဲစစ်ဦးစီးကော်မတီနှင့် KNDF တို့၏ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်မှု လမ်းညွှန်ချက်အောက်တွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...