ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊ နေပြည်တော်သို့လာရောက်ပြီး သမ္မတရာထူးအရယူထားသော စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နှင့်တွေ့ဆုံမည် ခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးရန်၊ ဖြစ်နိုင်ပါက ဖျက်သိမ်းပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူမှုအဖွဲ့အစည်းများက ဧပြီလ ၂၁ ရက်တွင် အိတ်ဖွင့်စာပို့ တောင်းဆိုသည်။
ထိုင်းအခြေစိုက်သတင်းဌာနများဖော်ပြချက်အရ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နှစ်နိုင်ငံဆက်ဆံရေးကိစ္စဆွေးနွေးရန် ဧပြီ(၂၂)ရက်တွင် နေပြည်တော်သို့လာရောက်၍ စစ်ခေါင်းဆောင်ဟောင်းနှင့်တွေ့ဆုံရန် အစီအစဥ်ရှိနေသည်။
အဆိုပါခရီးစဉ်သည် တရားမဝင်အာဏာရယူထားသော စစ်အုပ်စုအတွက် ထိုင်းနိုင်ငံ၏ထောက်ခံမှုရလိုက်သကဲ့သို့ အလွဲသုံးစားလုပ်ရပ်ဖြစ်လာနိုင်မည်ကို စိုးရိမ်သည်ဟု ကရင်လူမှုအဖွဲ့အစည်းများက ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
ဝန်ကြီးအနေဖြင့် နေပြည်တော်ခရီးစဥ်ကိုပြန်လည်သုံးသပ်ပေးရန်၊ မဖြစ်မနေသွားရမည်ဆိုပါက မြန်မာနိုင်ငံရှိ အရပ်သားများအပေါ် အကြမ်းဖက်မှုအားလုံးရပ်တန့်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို လိုက်နာဖို့ စစ်အုပ်စုအား ဖိအားအပြင်းအထန်ပေးရန် ကရင်လူမှုအဖွဲ့အစည်းများကတောင်းဆိုသည်။
၂၀၂၁ ခုနှစ် ဧပြီမှစ၍ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းရန် ထိုင်းအပါအဝင် အာဆီယံခေါင်းဆောင်များက အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့သော်လည်း စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အိတ်ဖွင့်စာတွင် ထောက်ပြထားသည်။
ထို့အပြင် စစ်အုပ်စုအာဏာသိမ်းထားသည့်နှစ်များတွင် အင်အားအလွန်အကျွံသုံးစွဲမှု၊ နှိပ်စက်မှု၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖိနှိပ်မှုများကို ပြည်သူများ နေ့စဉ်တွေ့ကြုံနေရသည်။
ယင်းလုပ်ရပ်များမှာ မြန်မာနှင့်အနီးကပ်ဆုံး အိမ်နီးချင်းထိုင်းနိုင်ငံအထိ သက်ရောက်မှုရှိပြီး အရပ်သားထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ ရှိနေခြင်းကြောင့် စစ်အုပ်စုမည်မျှ ရမ်းကားသည်ကို သိရှိနိုင်သည်ဟု ကမ္ဘာ့ကရင်အသိုင်းအဝိုင်းက ဆိုသည်။
တဖက်တွင် မြန်မာပြည်သူများက နယ်စပ်တစ်လျှောက် ဒေသန္တရအုပ်ချုပ်ရေးများတည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းနှင့် တရားမျှတမှုထိန်းသိမ်းရန် ကြိုးပမ်းနေကြသော်လည်း စစ်အုပ်စုက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ ထိုင်းနိုင်ငံအပေါ်သက်ရောက်မှုရှိသည့် သတ္တုတွင်းစီမံကိန်းများ ဆက်လုပ်ခြင်းဖြင့် ဖျက်ဆီးနေကြောင်း အိတ်ဖွင့်စာက ဖော်ပြသည်။
ယင်းကြောင့် နှစ်နိုင်ငံပြည်သူများကိုဒုက္ခရောက်စေသည့် စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံခြင်းထက် မြေပြင်တွင်လက်တွေ့ရှိနေသည့် ကရင်အပါအဝင် ကရင်နီအုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းခြင်းက လုံခြုံရေး၊ တည်ငြိမ်ရေး ပိုမိုကောင်းမွန်စေမည်ဖြစ်သည်ဟုလည်း ထောက်ပြသွားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးပို့ရာတွင်ပါဝင်သည့် နိုင်ငံအလိုက်ကရင်လူမှုအဖွဲ့အစည်း စာရင်းကိုမူ အသေးစိတ်ဖော်ပြခြင်းမရှိပေ။
စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် သမ္မတရာထူးမယူခင်နှင့် ရယူအပြီး တရုတ်နှင့်ရုရှားအပြင် အာဆီယံနိုင်ငံမှ ကိုယ်စားလှယ်အချို့နှင့်တွေ့ဆုံမှုရှိခဲ့သော်လည်း ၎င်းကိုအကြီးအကဲတစ်ဦးအနေဖြင့် အသိအမှတ်ပြုရာရောက်သည့် နိုင်ငံတော်ခရီးစဥ်အဆင့် လက်ခံတွေ့ဆုံသော နိုင်ငံနည်းပါးနေဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။







