ရန်ကုန်-မာန်အောင် လေကြောင်းခရီးစဉ် ဧပြီ ၂၄ ရက်တွင် ပြန်လည်ပြေးဆွဲမည်

ရန်ကုန်-မာန်အောင် လေကြောင်းခရီးစဉ် ဧပြီ ၂၄ ရက်တွင် ပြန်လည်ပြေးဆွဲမည်

ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို လာမည့် ဧပြီလ ၂၄ ရက်တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)၏ လူဦးရေ ၁၀၀ ကျော်လိုက်ပါနိုင်သည့် ဖော်ကာလေယာဉ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ တစ်စောင်လျှင် ၆၃၀,၀၀ဝ ကျပ် ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်ကနေ မာန်အောင်ကိုပြန်မယ်ဆိုရင် ရတယ်၊ မာန်အောင်ကိုထွက်တဲ့ အဲယားလိုင်းဖလိုက်ပါ၊ MAI ဖော်ကာနဲ့ထွက်မှာ။ အရင်ကမထွက်ဘူး။ ၂၄ ရက်နေ့မှ စထွက်မယ်၊ ၅ လပိုင်း လေးရက်နေ့ရှိမယ်၊ ဈေးနှုန်း ၆၃ဝ,၀၀၀၊ မာန်အောင်ပြန်မဲ့သူများတယ်" ဟု ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကုန်းလမ်းနှင့် ရေလမ်းခရီးသွားလာရေး အခက်အခဲများရှိနေသဖြင့် ယခုကဲ့သို့ လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုကို ဒေသခံများက ကြိုဆိုလျက်ရှိသည်။

"အခုလို ခရီးသွားရတာ အခက်အခဲဖြစ်နေတဲ့ အချိန်မျိုးမှာ လေကြောင်းလိုင်း ပြန်ဆွဲပေးတဲ့အတွက် တကယ်ကို ဝမ်းသာအားရ ကြိုဆိုပါတယ်"ဟု မာန်အောင်သို့ပြန်ရန် စောင့်ဆိုင်းနေသူ ဦးမောင်ကြီးက ဆိုသည်။

ရခိုင်ပြည်အတွင်း ၁၇ မြို့နယ်အနက် မာန်အောင်မြို့သည် စစ်ကော်မရှင်ထိန်းချုပ်ဆဲ မြို့သုံးမြို့ထဲမှ တစ်မြို့ဖြစ်သည်။

မာန်အောင်လေယာဉ်ကွင်းတွင် ရန်ကုန်-မာန်အောင်နှင့် စစ်တွေ-မာန်အောင် ခရီးစဉ်များအတွက် လေယာဉ်ငယ်များ ယခင်က ပြေးဆွဲခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းချိန်မှစတင်ကာ ခရီးစဉ်များ ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ယခင်က ရန်ကုန်-မာန်အောင်-စစ်တွေ-ကျောက်ဖြူ ခရီးစဉ်ကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လူ ၁၀ ဦးဆံ့ လေယာဉ်ငယ်ဖြင့် မာန်အောင်အများပိုင်ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲခဲ့သည်။

ရခိုင်ပြည်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များသို့ လေကြောင်းခရီးစဉ်များ မဖြစ်မနေ ပြေးဆွဲရန် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် (ယခင် အာဏာသိမ်းစစ်ကော်မရှင်ဥက္ကဋ္ဌ)က ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သော စက်သုံးဆီဖူလုံရေး အစည်းအဝေး၌ အမိန့်ပေး ပြောဆိုခဲ့သည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...