ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့် မြန်မာမော်တော်ယာဉ်များအား ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်များမှ ဝင်ခွင့်ပြုကြောင်း ကားသမားများက ပြောသည်။
ယခင်က ကိုယ်ပိုင်အမည်ပေါက်မဟုတ်သော်လည်း လိုင်စင်ရှိသည့် မော်တော်ယာဉ်ဖြစ်ပါက မဲဆောက်မြို့ဘက်သို့ ဝင်ခွင့်ပေးထားခဲ့ရာမှ သင်္ကြန်ကာလအတွင်းမှစတင်၍ ပြောင်းလဲ တင်းကြပ် လိုက်ခြင်းဖြစ်ကြောင်း နယ်စပ်ယာဉ်မောင်းသမားများ၏ ပြောဆိုချက်အရ သိရသည်။
“အခု ထိုင်းဘက်က အမည်ပေါက်မဟုတ်ရင် သွားလို့မရတော့ဘူး။ ဒီလို ပြောင်းသတ်မှတ်လိုက်တော့ တချို့ ကားသမားတွေက အခက်အခဲဖြစ်တယ်။ တစ်ဆင့်ခံဝယ်မောင်းတဲ့ ကားသမားတွေပေါ့၊ ပိုင်ရှင်ကို ပြန်လိုက်ရတော့ခက်တယ်။ အခုကိုယ်ပိုင်အမည်ပေါက် မဟုတ်ရင်တော့ ပြန်လှည့်ခိုင်းတယ်” ဟု နယ်စပ်ဖြတ်ကျော်သွားလာသည့် ကားသမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သို့သော်လည်း ပိုင်ရှင်အမည်ပေါက် မဖြစ်သည့် ယာဉ်အချို့သည် ယာဉ်ပိုင်ရှင်ထံမှလွှဲအပ်စာနှင့် အထောက်အထားမိတ္တူ ပြည့်စုံစွာ ယူဆောင်လာနိုင်ပါက ဖြတ်ကျော်ခွင့်ပေးနေသည်ဟု သိရသည်။
မြဝတီတံတား (၁) ပေါ်မှတစ်ဆင့် ထိုင်းဘက်သို့ နိုင်ငံဖြတ်ကျော်ဝင်လာသည့် ယာဉ်များကို လိုင်စင်ရှိ ယာဉ်ဖြစ်မှ ဝင်ခွင့်ရသည့်အတွက် အချို့မှာ လိုင်စင်အစစ်မဟုတ်ဘဲ မိတ္တူပွားထားသည့် ယာဉ်များနှင့် သွားနေခြင်းရှိကြောင်း ယာဉ်မောင်းများက ပြောသည်။
ပြီးခဲ့သည့် မတ်လက ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီဈေးကွက် မတည်ငြိမ်မှုဖြစ်ချိန်တွင် မြဝတီမှတစ်ဆင့် မြန်မာကားများ အလုံးအရင်းဝင်လာသည့်အတွက် မြန်မာကားများကို မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်အချို့က ဆီဖြည့်တင်းမှုကန့်သတ်မှုများ ရှိခဲ့သည်။
မဲဆောက်သို့ဝင်သည့် မြန်မာကားများမှာ အလည်အပတ်သွားလာသူများ၊ ကျောင်းကြိုကျောင်းပို့နှင့် ခရီးသည်တင်ယာဉ်များအပြင် ဈေးဝယ်ထွက်သည့်ယာဉ်များ စသည်ဖြင့် အမျိုးမျိုးရှိကြောင်း သိရသည်။







