ဝန်ကြီး (၈) ဦးဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်း

ဝန်ကြီး (၈) ဦးဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်း

တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈ ဦးနှင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တင်ပြထားသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးများ စာရင်းကို စစ်ခေါင်းဆောင် သမ္မတဖြစ်သူ ဦးမင်းအောင်လှိုင်က အတည်ပြုလိုက်ကြောင်း  ဧပြီ ၁၀ ရက် တွင် ထုတ်ပြန်သည်။

ယင်းအထဲတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်သူရ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဝန်ကြီး ဦးအောင်ကျော်မိုး၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးကျော်စိုးတို့ ပါဝင်သည်။

ယင်းနောက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် ဦးသက်ထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အဖြစ် ဦးမြင့်စိုး၊ စည်ပင်ဝန်ကြီးအဖြစ် ဦးမြင့်စိုးဝင်းတို့ကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ကို အခြေခံဖွဲ့စည်းပုံ ဥပ‌ဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င) နှင့် (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့အရ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့် ယှဥ်တွဲပါ ဝန်ကြီးဌာနများတွင် ပြည်နယ်ဝန်ကြီးများအား သမ္မတဦးမင်းအောင်လှိုင်က အတည်ပြု ခန့်အပ်လိုက်ကြောင်း ဖော်ပြထားသည်။

“ အမှန်တကယ်က စစ်တွေမြို့ပေါ် သာသာမှာဘဲ သူတို့ နေလို့ရတာ။ ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ရှိနေတယ်ဆိုတော့ ဒီအစိုးရအဖွဲ့ဟာ ရခိုင်ပြည်ကို လုံးဝ ကိုယ်စားမပြုသလို ဘာအလုပ်မှလည်း ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘူး ” ဟု ရခိုင့်နိုင်ငံရေး စောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။

ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ခန့်ထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှကိုလည်း ခန့်အပ်လိုက်ကြောင်း သိရသည်။

“ ချင်းဝန်ကြီးဆိုရင်လည်း သူ့မှာ အုပ်ချုပ်စရာ ချင်းတွေမရှိတဲ့ နေရာမှာ အမည်ခံသက်သက် ထိုင်ခုံပေးထားတာလို့ မြင်တယ်။ တကယ်တမ်း ချင်းလူမျိုးတွေ ရှိတာက ရခိုင်ပြည်မှာဆို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ သံတွဲ၊ တောင်ကုတ်တို့မှာ ရှိတာ။ ဒီနေရာကလည်း AA ထိန်းချုပ်နယ်မြေတွေဆိုတော့ တကယ့် လက်တွေ့မကျတဲ့ အစိုးရဝန်ကြီးလို့ ပြောချင်တယ် ” ဟု အထက်ပါ နိုင်ငံရေးစောင့်ကြည့်သူက ဆက်ပြောသည်။

ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့သုံးမြို့သာ ကျန်ရှိနေပြီး ကျန်ရှိနေသည့် မြို့သုံးမြို့တွင် အုပ်ချုပ်ရေး ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို စစ်ကောင်စီက ကြံခိုင်ရေးပါတီနှင့် ယခင် တာဝန်ထမ်းဆောင်ခဲ့သူများကိုသာ ပြန်လည်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မြေအများစုကို စစ်တပ်က မထိန်းချုပ်နိုင်တော့သဖြင့် ယခုတက်လာသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် စစ်တွေ အစိုးရအဆင့်သာသာ ရှိတော့ကြောင်း ဝေဖန်သုံးသပ်နေကြသည်။

လက်ရှိတွင် စစ်တွေမြို့နယ်ထဲ တိုက်ပွဲများ နေ့စဉ်ရှိနေပြီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ရှိနေသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...