အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ ဖြစ်လာရေး 'တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း' များ ဖွင့်လှစ်မည်ဟု စစ်ခေါင်းဆောင်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားလိုက်သည်။
ဧပြီ ၉ ရက်က ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
လာမည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်မှစပြီး အဆိုပါ လူငယ်ပညာရေးသင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် စတင်ဖွင့်လှစ်ကာ အခြေခံပညာ အထက်တန်းအဆင့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်သစ် ရဲဝင်းဦးက ဆိုသည်။
“ထိုသို့ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်မျိုး ဆက်သစ်ကောင်းများ စဉ်ဆက်မပြတ် ထွန်းကားလာမည့်အပြင် ပညာပြည့်ဝသည့် တပ်မတော်သား အရင်းအမြစ်ကောင်းများလည်း ပေါ်ထွန်းလာမည်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကဏ္ဍသစ်တွင် စစ်တပ်ထဲ စစ်မှုထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည်များ၏ သားသမီးများ၊ အငြိမ်းစား အရာရှိ၊ စစ်သည်များ၏ သားသမီးများနှင့် တိုက်ပွဲကျသွားသည့် အရာရှိ၊ စစ်သည်များ၏ သားသမီးများကိုပါ တက်ရောက်ခိုင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ယင်းမှာ “ပညာရေးကို စဉ်ဆက်မပြတ် တာဝန်ယူစောင့်ရှောက်နိုင်ရန်” ဟု ၎င်းက ပြောသည်။
သို့သော် အတန်းစဉ်ကူးပြောင်းမှုကောင်းပြီး ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် ကျောင်းသားများကို စစ်တပ်ဆိုင်ရာ တက္ကသိုလ်များနှင့် သိပ္ပံကျောင်းများ၊ စစ်တပ် ဆေးဘက်ဆိုင်ရာ ပညာသင်တန်းများ၊ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး၊ စာရေး သင်တန်းများအထိ စစ်တပ်၏ ကူညီဖြည့်ဆည်းမှုများဖြင့် ဆက်လက်တက်ရောက်ရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပြည်) လက်အောက်တွင် ယခင်တည်းက ပညာရေးကျောင်းများရှိခဲ့ပြီး စစ်သား သားသမီးများ တက်ကြကြောင်း၊ လက်ရှိ စစ်ခေါင်းဆောင်သစ် ရဲဝင်းဦး လက်ထက်တွင် သေဆုံးနှင့် အငြိမ်းစား စစ်သည်များ၏ သားသမီးများပါ တက်၍ရကြောင်း ပြောလာသည်ကို တွေ့ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမကို ပြောသည်။
ယင်းမှာ လူသစ်စု စစ်မှုထမ်းဉပဒေဖြင့် အချိန်ပိုင်းစစ်သားရသော်လည်း အဓိကကျသည့် အမြဲတမ်းစစ်သားအဖြစ် ဝင်မည့်သူမရှိဘဲ ရှားပါးလာသည့်အတွက် ၎င်းတို့၏ အမာခံအင်အားဖြစ်သည့် စစ်သည်မိသားစုများအပေါ် ဆောင်ရွက်လာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
CDM ဗိုလ်ကြီးဇင်ယော်က “ပြောရမယ်ဆိုရင်တော့ ကျွန်ဝယ်ရာအဆစ်ပါပေါ့။ သူရဲ့ အမာခံအင်အားစုတွေထဲကနေပဲ ဒီမိသားစုဝင်တွေထဲကနေ ဆွဲပြီးခေါ်မယ်။ ဒါက ပထမအဆင့်ပေါ့။ နောက်ပိုင်းကျရင် မိဘမဲ့ဂေဟာတွေကတို့ ပြီးရင် စီးပွားရေးကျပ်တည်းလာတဲ့ ပြည်တွင်း မိသားစုတွေကအထိပါ သူတို့က အခမဲ့ပညာရေးစနစ်ပုံစံမျိုးနဲ့ ပုံဖော်လာပြီး သူတို့ရဲ့ အရင်တုန်းက နတလတွေမှာ လုပ်သလိုမျိုးပေါ့။ စစ်တပ်ထဲမှာ အလုပ်ရမယ်။ ကျောင်းပြီးတာနဲ့အလုပ်ရမယ်ဆိုတဲ့ ပုံစံမျိုး စည်းရုံးလာပြီးမှ သူတို့ရဲ့ စစ်ပိုးကို ဆက်ပြီးဖြန့်ဖို့ အဲ့ဒီလိုအနေအထားမျိုးလုပ်မယ့်ရည်ရွယ်ချက်လို့ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု သုံးသပ်သည်။
တဖက်တွင်လည်း စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်သူဦးရေ ကျဆင်းမှုများကို စစ်ကော်မရှင်တပ်အနေဖြင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့ပြင် လက်ရှိတွင် အာဏာသိမ်းမှုကြောင့် စစ်ကော်မရှင်တပ်ကို စွန့်ခွာသွားသည့် CDM အရာရှိ ၊ စစ်သည်များ၊ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများ အကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်အင်အားပြုန်းတီးမှုများကိုလည်း စစ်ကော်မရှင်က စစ်မှုထမ်း ဥပဒေအသက်သွင်းပြီး လူငယ်များကို စစ်ထဲသွင်းကာ ဖြည့်တင်းနေသည်။







