ရခိုင်တွင် ကြက်သွန်နီစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်နေ

ရခိုင်တွင် ကြက်သွန်နီစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်နေ

ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု စိုက်ပျိုးသူများမှ သိရသည်။

ကြက်သွန်နီ ၄ ဧကကျော်ကို ကျောက်တော်မြို့နယ်အတွင်းတစ်နေရာတွင် ယခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှစတင်ကာ မုနိမြီပရဟိတဖောင်ဒေးရှင်းက စမ်းသတ်စိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု အဆိုပါဖောင်ဒေးရှင်းမှ တာဝန်ရှိသူက နိရဉ္စရာကို ပြောသည်။

"တချိန်တုန်းက ရခိုင်မှာ ကြက်သွန်စိုက်လို့မဖြစ်ဘူးဆိုပြီး တားနေကြတဲ့ကြားက ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ‌ပညာရှင်တွေနဲ့ပေါင်းပြီး‌တော့ လုပ်ခဲ့တယ်။ ခုက စံနမူနာအဖြစ်လုပ်ပြထားနိုင်ခဲ့တယ်"ဟု ပြောသည်။

အဆိုပါကြက်သွန်နီစိုက်ခင်းအတွက် လိုအပ်သည့် ပျိုးပင်၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပညာရှင်တို့အားပေးရငွေစသည့် စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်း ၅၀၀ ခန့်ရှိခဲ့သည်ဟု သိရသည်။

အဆိုပါစိုက်ခင်းအတွက် ပါဝင်ကူညီပေးခဲ့သည့် စိုက်ပျိုးရေးနည်းပညာရှင်တစ်ဦးက "ဒေသအခြေအနေကိုသိသွားပြီဆိုတော့ နောက်နှစ်‌တွေမှာ ဒီထက်ဖြစ်အောင်လုပ်မယ်။ စိုက်ခင်းနဲ့ပတ်သက်ပြီး ဗန်းစကားနဲ့ပြောမယ်ဆိုရင်တော့ အပင်တွေနဲ့စကားပြောရတယ်၊ အထာနပ်ရတယ်၊ ရေက ဆရာဘဲပေါ့"ဟု ပြောသည်။

အဆိုပါစိုက်ခင်းအတွင်းမှ ကြက်သွန်နီ ပိဿာ ၁,၂၀၀၀ ခန့်ထွက်ရှိမည်ဟုလည်း သူက ခန့်မှန်းပြောဆိုသည်။

ကြက်သွန်နီကို စတင်စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း (၉၀)ဆိုလျှင်‌ ဈေးကွက်ထဲကို ရောက်နိုင်ကြောင်း သိရသည်။

ယင်းကာလအတွင်း အပင်အခြေအနေအပေါ်မူတည်၍ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရေတို့ကို မျှတအောင် ထိန်းညှိပေးရသည်ဟုလည်း ဆိုသည်။

ရခိုင်တွင် ပညာရေးကို အ‌ကြောင်းအမျိုးမျိုးကြောင့် ဆုံးခန်းတိုင်အောင်မသင်ခဲ့ရသည့် လူငယ်များအတွက် ကြက်သွန်စိုက်ပျိုးမှုပညာရပ်ကို အသက်မွေးဝမ်းကျောင်း ပညာရပ်တခုအနေဖြင့် သင်ကြားပေးလိုသည့်ရည်ရွယ်ချက်လည်းရှိ‌နေကြောင်း မုနိမြီပရဟိတဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောသည်။

"ဒီပညာရပ်က ကိုယ့်ဒေသထဲမှာမရှိတဲ့အတွက် ထွန်းကားစေချင်တယ်။ လူငယ်တွေကိုလည်း အလုပ်လက်မဲ့ မဖြစ်‌စေချင်ဘူး။ ပြည်မဘက်က ထုတ်ကုန်တွေကိုချည်းဘဲ အသုံးပြုနေရတော့ ဒီပညာကို ဖြန့်ဝေသွားမယ်လို့ ရည်ရွယ်ချက်ရှိတယ်။ နိုင်ငံသစ်ထူထောင်တဲ့ခါ စိုက်ပျိုးရေးက အရေးကြီးတဲ့လုပ်ငန်းထဲမှာပါဝင်နေတယ်။ ဒေသထွက်ကုန်ရှိနေတော့ စားသုံးသူတွေသက်သာမယ်၊ အဆင်ပြေမယ်"ဟု ပြောသည်။

ကြက်သွန်နီကို ရခိုင်တွင် အချို့ဒေသများ၌ စမ်းသပ်စိုက်ပျိုးကြသော်လည်း နည်းပညာ၊ ငွေကြေး၊ ရာသီဥတုစသည်တို့ကြောင့် ဖြစ်ထွန်းအောင်မြင်သူနည်းပါးကြပြီး အရှုံးပေါ်သူများလည်းရှိနေသည်ဟု သိရသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားသည်နှင့် အကြမ်းဖက်စစ်ကော်မရှင်က ရခိုင်နှင့် ပြည်မကိုဆက်သွယ်သည့် ကုန်းလမ်းနှင့် ရေလမ်းတို့ကို ဖြတ်တောက်ပိတ်ဆို့လိုက်ရာ ရခိုင်ဒေသအတွက် ကြက်သွန်နီအပါအဝင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်သွားခဲ့ရသည်။

၂ဝ၂၄ ခုနှစ်မှစတင်ကာ ရခိုင်ဒေသအတွက် ကြက်သွန်နီအပါအဝင် စားသောက်ကုန်များကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် တင်သွင်းရောင်းချလျက်ရှိနေကြသည်။

အိန္ဒိယမှတဆင့် ရခိုင်သို့တင်သွင်းသည့် ကြက်သွန်နီတစ်ပိဿာလျှင် ကျောက်တော်ဈေးကွက်အတွင်း ကျပ် ၇ဝဝဝ ဝန်းကျင်ခန့်ဈေးရှိနေကြောင်းလည်း အိမ်ရှင်မတစ်ဦးက နိရဉ္စရာကို ပြောသည်။

ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...
March 27, 2026
ခိုင်လူလှ (ရိုးမမြေ) — တရုတ်စီမံကိန်းကြီးမှာတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့်...