နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း ကျမလိုပဲ ကျောင်းဆက်တက်မရတော့ ဒီမှာအလုပ်လာလုပ်ကြတယ်”
ဒါကတော့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ဘဝကနေ ထိုင်းနိုင်ငံက အိမ်အကူအလုပ်တွေဆီကို တွန်းပို့ခြင်းခံနေရတဲ့ အသက်(၂၀)အရွယ် နန်းမူးဟိဆိုတဲ့ ကရင်တိုင်းရင်းသူလေးက ပြောဆိုသွားတာဖြစ်ပါတယ်။
နန်းမူးဟိဟာ စစ်ရေးပဋိက္ခနယ်မြေတစ်နေရာဖြစ်တဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဇာတိဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေကြောင့် တောင်ကြာ အင်းကျေးရွာက နန်းမူးဟိရဲ့ ပညာရေးခရီးဟာ နဝမ(၉) တန်းမှာတင် ရပ်တန့်ခဲ့ရပါတယ်။
စာသင်ကျောင်းတွေ ပိတ်ထားရသလို စစ်ဘေးရှောင်ဘဝနဲ့ ဝင်ငွေမဲ့နေတဲ့ အခြေအနေတွေက ဆယ်ကျော်သက်အရွယ် မိန်းကလေးကို ပညာသင်ခန်းအစား ထိုင်းနိုင်ငံက အိမ်အကူအလုပ်ဆီကို ဘဝအခြေအနေအရ တွန်းပို့ခြင်း ခံရတာပါ။
နန်းမူးဟိနေထိုင်တဲ့ တောင်ကြာအင်းကျေးရွာဟာဆိုရင် အာဏာသိမ်းစစ်တပ်က အထက်တန်းကျောင်းဝင်းထဲမှာ လာရောက်တပ်စွဲထားတဲ့အတွက် အဲဒီဒေသမှာရှိတဲ့ တော်လှန် ရေးပူးပေါင်းတပ်ကြားမှာ တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အထိက ကျေးရွာလူထုတွေဟာ ရွာအပြင်ထွက်ရှောင်လိုက်၊ အိမ်မှာပြန်လာနေလိုက် လုပ်ပေမယ့်လည်း ၂၀၂၃ ခုနှစ်မှာတော့ ရွာထဲမှာ တိုက်ပွဲပြင်းထန်လာလို့ အခြားရွာမှာ နန်းမူးဟိတို့ မိသားစုကလည်း တိမ်းရှောင်ခဲ့ရပါတယ်။
တိုက်ပွဲမရောက်တဲ့ ကျေးရွာတစ်ရွာမှာ နန်းမူးဟိဟာ မိသားစုနဲ့အတူ တစ်လခန့် သွားရောက် တိမ်းရှောင်နေပြီးတဲ့နောက်မှာ သူမဆက်နေလို့ အဆင်မပြေတော့တာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထွက်သွားဖို့ သူမဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
“သူများအိမ်မှာ စစ်သွားရှောင်ရတော့ ကြာကြာနေလို့ အဆင်မပြေဘူးလေ၊ အလုပ်လဲမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။”လို့ နန်းမူးဟိက သူမရဲ့ ပြည်ပထွက်ရတဲ့ သွားရတဲ့အကြောင်းအရင်းကို ပြောပြပါတယ်။
ကျောင်းတက်ချိန်တုန်းက ရိုက်ထားတဲ့ မှတ်ပုံတင်တစ်ခုကလွဲပြီး နိုင်ငံခြားထွက်ဖို့ အထောက်အထား မရှိတဲ့အတွက် ထိုင်းနိုင်ငံအထိ ပို့ဆောင်ပေးနေတဲ့ ကယ်ရီသမားလို့ခေါ်တဲ့ လူပွဲစားကို ဘတ် ၂၅,၀၀၀ ပေးပြီး တရားမဝင်တဲ့ လမ်းကြောင်းကနေ သူမသွားခဲ့ရပါတယ်။
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသက စစ်ရှောင်လူငယ်အများစုဟာ ပြည်ပထွက်ဖို့ မြို့ထဲမှာ နိုင်ငံကူးလက်မှတ် (Passport) အထောက်အထား စုံစုံလင်လင်သွားလုပ်ဖို့လည်း အခက်တွေ့နေရတဲ့အတွက် အများစုဟာ တရားမဝင်လမ်းဖြစ်တဲ့ အောက်လမ်းကိုသာ ရွေးချယ်ခဲ့ကြပါတယ်။ တရားမဝင်လမ်းဖြစ်တာကြောင့် လူငယ်အချို့ဟာ လမ်းတစ်ဝက်မှာတင် ဖမ်းဆီးခံရတဲ့အတွက် ပေးရတဲ့လမ်းစရိတ်ငွေလည်း ရှုံးပြီး ဒုက္ခတစ်ဆကနေ နှစ်ဆကြုံတွေ့နေရပါတယ်။
“ကျမလာတုန်းက တော်သေးလို့ ပို့ဆောင်ပေးတဲ့ ကယ်ရီသမားကောင်းလို့ အစ်မဆီမှာ ချောချောမွေ့မွေ့ ရောက်သွားတယ်။ တချို့ဆိုရင် တက်လာရင်း လမ်းမှာအဖမ်းခံရတဲ့လူတွေအများကြီးပဲ” လို့ သူမက ပြောပါတယ်။
ပဋိပက္ခဒေသက လူငယ်တချို့ကတော့ နန်းမူးဟိတို့လိုပဲ မိသားစုစားဝတ်နေရေးအတွက် အိမ်နီးချင်း နိုင်ငံတွေမှာ ဘဝပေးအခြေအနေအရ ကြုံရာကျပန်းအလုပ်တွေနဲ့ ရုန်းကန်နေကြရတာပါ။
တချို့ကျတော့လည်း စစ်ဘေးရှောင်ဘဝကနေ စစ်အာဏာရှင်ကို ပြန်တော်လှန်ဖို့ဆိုပြီး တော်လှန်ရေး တပ်ဖွဲ့တွေထဲ ဝင်ရောက်သွားကြသလို၊ တချို့ကလည်း မိမိတို့ဒေသက သက်ဆိုင်ရာ တိုင်းရင်း သားအဖွဲ့အစည်းတွေမှာ လုပ်ဝင်လုပ်ကိုင်တာမျိုးတွေရှိပါတယ်။
“ လူငယ်တွေကတော့ စစ်ရှောင်ဘဝနဲ့ ကြာကြာမနေနိုင်ဘူးလေ။ လမ်းကြောင်းတွေရှာကြတယ်။ တချို့က အွန်လိုင်းကျားဖြန့်နေရာမှာ ရောက်သွားတာရှိတယ်။” လို့ ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုတွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်က ပြောပါတယ်။
ရွေးချယ်စရာမရှိတဲ့ လူငယ်တချို့ကတော့ နယ်စပ်ဒေသတွေမှာ စေတနာ့ဝန်ထမ်း ဝင်ရောက်လုပ်ကိုင်တာတွေရှိသလို စိုက်ပျိုးရေးအလုပ်၊ ဆောက်လုပ်ရေးအလုပ်၊ စားသောက် ဆိုင်အလုပ်တွေမှာ လစာနည်းနည်းနဲ့ ဝင်လုပ်ပြီး စစ်ရှောင်နေရတဲ့ မိသားစုတွေကို ပြန်လည်ထောက်ပံ့ရတာတွေ ရှိပါတယ်။
အမြဲစစ်ရှောင်နေရတာကြောင့် စိတ်မလုံခြုံမှုတွေ၊ အနာဂတ်မသေချာမရေရာမှုတွေနဲ့ ရှင်သန်နေရတဲ့ စစ်ရှောင်လူငယ်တွေဟာ စိတ်ထွက်ပေါက် အမျိုးမျိုး ရှာဖွေနေရတာတွေ ရှိနေပါတယ်။ ဒါ့အပြင် တချို့လူငယ်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတဲ့ လမ်းကြောင်းကို ရွေးချယ်သွားခဲ့တာတွေလည်း ရှိပါတယ်။
လေးကေကော်လူငယ်ကွန်ရက်အဖွဲ့က နော်ဂျက်က “စစ်ရှောင်စခန်းမှာနေတဲ့ လူငယ်တွေက အနာဂတ် အိပ်မက်တွေက အဓိကမဟုတ်တော့ဘူး။ လက်ရှိ စားဝတ်နေရေး အခက်အခဲရှိတဲ့အတွက် စားဖို့ အတွက်က အရင်ဖြေရှင်းရတယ်။ ရတဲ့အလုပ် မလုပ်ချင်ဘဲ လုပ်ရတယ်။ ပညာရေးဆိုတာက ဦးစားပေးဖို့ မရွေးချယ်ကြတော့ဘူး။” လို့ ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ဟာ ၂၀၂၁ ခုနှစ်ကစပြီး စစ်အုပ်စုမှ စစ်ကြောင်းထိုး ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြို့သစ်နဲ့ အနီးနားဝန်းကျင်ရွာမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံအရပ်သားပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခုချိန် နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
လေးကေကော်ဒေသမှာရှိတဲ့ လူငယ်အချို့ကတော့ တစ်ဖက်ထိုင်းနိုင်ငံထဲက ပြောင်းစိုက်ခင်း၊ ကြံစိုက်ခင်းတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာရှိသလို နယ်စပ်မှာရှိတဲ့ တရုတ်ဆိုက် လို့ခေါ်တဲ့ ကာစီနိုရုံတွေမှာ အလုပ်သွားလုပ်တဲ့လူတွေ ရှိပါတယ်။
စစ်ရေပဋိပက္ခကြောင့် လူငယ်တွေဟာ အနာဂတ်ပျောက်ရသလို၊ လူငယ်ဘဝ လွတ်လပ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပျောက်ဆုံးသွားရတာကြောင့် တိုက်ပွဲအမြန်ပြီးဆုံးချင်ပြီလို့ လေးကေ ကော်လူငယ်ကွန်ရက်အဖွဲ့ဝင် နော်ဂျက်က ဆိုပါတယ်။
တကယ်တော့ လူငယ်တွေဆိုတာ နိုင်ငံတစ်ခုရဲ့ အသက်သွေးကြောနဲ့ အနာဂတ်ကို တည်ဆောက်မယ့် အဖိုးတန်အရင်းအမြစ်တွေပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ပြည်တွင်းစစ်ပဋိပက္ခနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှုတို့ကြောင့် မြန်မာနိုင်ငံက လူငယ်တွေရဲ့ အနာဂတ်ဟာ မသေချာမရေရာမှုတွေနဲ့အတူ မှေးမှိန်လာခဲ့ရပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးပျက်ကပ်နဲ့ နယ်မြေပဋိပက္ခတွေကြားမှာ လူငယ်လေးပုံတစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေရသလို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ထုတ်ပြန်သလိုပဲ ဒါဟာ ‘အနာဂတ်ရပ်တန့်ခံထားရတဲ့ မျိုးဆက်သစ်’ တွေရဲ့ ကြေကွဲစရာ ပကတိအရှိတရား ဖြစ်နေပါတယ်။
ဒီလို မှောင်မိုက်နေတဲ့ အနာဂတ်တွေကြားမှာတောင် မြန်မာလူငယ်တွေဟာ တစ်စစီ ပျက်စီးသွားတဲ့ သူတို့ရဲ့ အိပ်မက်တွေကို ပြန်လည်ကောက်ယူဖို့ ကြိုးစားနေကြတာလည်းရှိပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေတာ နှစ်နှစ်ရှိနေပြီဖြစ်တဲ့ တောင်ကြားအင်းရွာသူ နန်းမူးဟိတစ်ယောက် တရားဝင်အလုပ်လုပ်ခွင့် အထောက်အထား ရရှိထားပြီဖြစ်တဲ့အတွက် အိမ်အကူအလုပ်ထက် ပိုမိုကောင်းမွန်တဲ့၊ ပညာရမယ့် လမ်းစတစ်ခုကို သူမမျှော်လင့်နေပါတယ်။
“အိမ်အကူအလုပ်ကနေထွက်ပြီး အချိန်ပိုင်းကျောင်း တက်ချင်တယ်။ ပြီးတော့ ပညာရဖို့ အသီးတွေ ဖျော်တဲ့ အအေးဆိုင်တွေမှာ အလုပ်လုပ်မယ်လို့ ရည်မှန်းထားတယ်” နန်းမူးဟိက ပြောပါတယ်။
ဒါပေမဲ့ သူမရဲ့ မျှော်လင့်ချက်ကလည်း ရတဲ့လုပ်ခလစာအနည်းငယ်နဲ့ မိသားစုကို ပြန်ထောက်ပံ့ရမယ့် ဝန်ထုပ်ဝန်ပိုးတွေကြားမှာ တကယ့်လက်တွေ့မှာတော့ ဖြစ်လာဖို့ ခက်ခဲနေအုံးမှာအမှန်ပါပဲ။
ကရင်တိုင်းရင်းသူ နန်းမူးဟိဆိုတာ ပြည်တွင်းစစ်ကြောင့် အိပ်မက်တွေတစ်စစီ ကြေလွင့်ပျက်စီးသွားတဲ့ သန်းပေါင်းများစွာသော မြန်မာလူငယ်တွေရဲ့ ပြယုဂ်တစ်ခုသာ ဖြစ်ပါတော့တယ်။







