လေယာဉ်ဆီကြောင့် မြန်မာလေကြောင်းလိုင်း ပစ္စည်းသယ်ယူခွင့် စကန့်သတ်

လေယာဉ်ဆီကြောင့် မြန်မာလေကြောင်းလိုင်း ပစ္စည်းသယ်ယူခွင့် စကန့်သတ်

လေယာဉ်ဆီအကန့်အသတ်ကြောင့် ခရီးသည်တွေအတွက် အပိုဝန်စည် သယ်ဆောင်ခွင့်ကို တစ်ယောက် ၁၀ ကီလိုဂရမ်အထိပဲ ခွင့်ပြုတော့မယ်လို့ MNA နဲ့ MAI လေကြောင်းလိုင်းတွေက အသီးသီး ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ အဲဒီအစီအစဉ်ကို မတ်လ ၂၀ ရက်နေ့ကနေ စကျင့်သုံးမှာဖြစ်ပြီး ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ကတော့ မတ်လ ၁၉ ရက်နေ့ကနေစပြီး ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ရတာဟာ လေယာဉ်ဆီအကန့်အသတ်ကြောင့်ဖြစ်တယ်လို့ လေကြောင်းလိုင်း ၂ ခုလုံးက ထုတ်ပြန်ထားပြီး အဖွဲ့ဝင်တွေအတွက် ပစ္စည်းအပိုသယ်ဆောင်ခွင့်ကိုလည်း နောက်ထပ် အကြောင်းကြာစာ မထုတ်ပြန်မခြင်း ရပ်နားထားမယ်လို့ ဆိုကြပါတယ်။

အခုလို စီစဉ်ရတာဟာ လေကြောင်းခရီးစဉ်တွေ ဘေးကင်းလုံခြုံဖို့အတွက် မဖြစ်မနေဆောင်ရွက် ရတာဖြစ်ပြီး အဆင်မပြေတာတွေဖြစ်ပေါ်ခဲ့ရင် တောင်းပန်တယ်လို့ MAI က ထုတ်ပြန်ထားပါတယ်။

"အများနဲ့ ဖြစ်တာပဲ ဘယ်တတ်နိုင်မလဲလေ။ Customer များကို ပြောထားတဲ့ kg (ကီလိုဂရမ်) တွေအတိုင်း မသယ်ပေးနိုင်တာကို တောင်းပန်ပါတယ်ရှင်" လို့လည်း မြန်မာ နဲ့ စင်္ကာပူကို ပစ္စည်းပို့‌ ဝန်ဆောင်မှုပေးနေသူတစ်ယောက်က ရေးသားထားပါတယ်။

ဒီအစီအစဉ်ဟာ ပြည်ပကနေ ပြည်တွင်းကိုလာတဲ့ ခရီးစဉ်နဲ့ ပြည်တွင်းကနေ ပြည်ပကိုထွက်တဲ့ ခရီးစဉ်တွေအတွက်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်တွေအတွက် ကန့်သတ်ထားတာကိုတော့ မတွေ့ရပါဘူး။

အဲဒီလို ကုန်စည်အကန့်အသတ်အပြင် လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာလည်း မြင့်တက်နေပြီး မတ်လ ၁၈ ရက်နေ့ နောက်ပိုင်းမှာလည်း ထပ်မြင့်တက်နိုင်တယ်လို့ လေယာဉ်လက်မှတ် ရောင်းချနေသူတွေက အသီးသီး အသိပေးထားကြပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အစ္စရေး၊ အမေရိကန် နဲ့ အီရန် ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေမြင့်တက်နေပြီး မြန်မာနိုင်ငံမှာလည်း စက်သုံးဆီတွေ တဖြည်းဖြည်းရှားပါးလာတာ ဖြစ်ပါတယ်။

May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...