စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစုံတရာ မထွက်သေးကြောင်း စုံစမ်းသိရသည်။
မတ်လ (၁၇) ရက်မှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဗဟို ခေါင်းဆောင်များ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစုံတရာ မထွက်သေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လောလောဆယ်ကတော့ ဘာမှ အတည်ပြု ပြောနိုင်ခြင်း မရှိသေးဘူး။ သွားရောက်တွေ့ဆုံတဲ့ ကိုယ်စားလှယ်တွေကလည်း ပြန်မရောက်သေးဘူး။ ကျမတို့ဘက်မှာကတော့ ဒုဥက္ကဋ္ဌ(၂) တက်ရောက်တာဖြစ်တယ်၊ MNDAA ဘက်ကတော့ ကျမ မသိရပါဘူး။ ဆွေးနွေးပွဲအခြေအနေကတော့ မပြောတတ်သေးဘူး၊ ဘာမှ ကြားသိရတာမျိုး မရှိသေးဘူး” ဟု လွေးယေဦးက သျှမ်းသံတော်ဆင့်သို့ ဖြေကြားသည်။
TNLA နှင့် MNDAA ကြား လတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကို ဖြေရှင်းနိုင်ရန် TNLA ဘက်မှ ဒုဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် တားခူလန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လောက်ကိုင်မြို့သို့ သွားရောက်ကာ MNDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးနေသည်။
ယခုလက်ရှိ တွေ့ဆုံဆွေးနွေးမှုမှတဆင့် ညီနောင်မဟာမိတ် အချင်းချင်း တိုက်ခိုက်နေသည့် မိတ်ဖက်ပဋိပက္ခကို ဖြေရှင်းနိုင်ပြီး နှစ်ဘက်တပ်ဖွဲ့ကြား အပစ်အခတ် ရပ်စဲနိုင်ရန် မျှော်လင့်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရှင်းပြသည်။
“ကျမတို့ကတော့ အများကြီး မျှော်လင့်ထားပါတယ်၊ မိတ်ဖက်ပဋိပက္ခလို့ပဲ ရှုမြင်ပြီးတော့မှ လက်ရှိ ဗဟိုကလည်း သွားရောက်တွေ့ဆုံနေတာ ဖြစ်တယ်။ ဒီတွေ့ဆုံမှုကနေ အပစ်ရပ်နိုင်ဖို့ ကျမတို့ မျှော်လင့်ပါတယ်၊ လောလောဆယ် ဆွေးနွေးရေးကိုပဲ ကျမတို့ အဓိကထား ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ မတ်လ (၁၆) ရက်တွင် အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ္မတူမြို့ဘက်သို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာစဉ် နှစ်ဘက်တပ်ဖွဲ့မှ ဗဟို ခေါင်းဆောင်များ မတ်လ (၁၇) ရက်မှ စတင်ပြီး လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးနေသည်။
ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေစဉ် နမ့်ခမ်းမြို့ဘက်ရှိ TNLA လက်အောက်ခံ ဌာနဆိုင်ရာ ရုံးများနှင့် ပြည်သူ့ဆေးရုံမှ ပစ္စည်းများကို ဘေးလွတ်ကင်းရာ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း အဆိုပါ သတင်းများကို TNLA ဘက်မှ ငြင်းဆိုလိုက်ပြီး လက်ရှိတွင် ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ဆိုသည်။
“ဒီတစ်ရက် နှစ်ရက်အတွင်းမှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်။ နမ့်ခမ်းမှာ ဌာနဆိုင်ရာတွေ ရွှေ့တယ်ဆိုတာ မမှန်ကန်ပါဘူး။ ပြီးခဲ့တဲ့ ၁၄/၁၅ ရက်တွေမှာ တိုက်ပွဲပြင်းထန်နေတော့ စစ်ဖြစ်တဲ့အတွက်ကြောင့် ပြင်ဆင်တာတွေ ရှိပါတယ်။ လတ်တလောက ပြန်ငြိမ်သွားတော့ ဆေးရုံတွေ အကုန်လုံးက ပြန်ဖွင့်ပါတယ်၊ ဌာနဆိုင်ရာ ပြောင်းရွှေ့တာမျိုးတွေ မရှိသေးပါဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ထပ်လောင်းပြောသည်။
အလားတူ ကွတ်ခိုင်တိုက်ပွဲ နှစ်ရက်အတွင်း TNLA ဘက်မှ ထိခိုက်ဒဏ်ရာရသူ (၁၈) ဦးနှင့် လက်နက်ချ ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိကြောင်း သိရပြီး MNDAA ဘက်မှ တအာင်းလူထုကို ဖမ်းဆီးနှိပ်စက်ခြင်းများ ရှိနေကြောင်း သိရသည်။
“တိုက်ပွဲပြင်းထန်တဲ့ အချိန်မှာဆိုရင် ကျမတို့တပ်သား ဖမ်းဆီးခံရတယ်ဆိုတာ မှန်တယ်။ တဘက်မှာလည်း ကိုးကန့်ဘက်က တအာင်းလူမျိုးတွေ အထူးသဖြင့် တအာင်းလူထုကို ဖမ်းဆီးတာမျိုး၊ နှိပ်စက်တာမျိုးတွေလည်း ရှိပါတယ်။ လောလောဆယ်တော့ မြို့ပြင်ဘက်မှာ တပ်စွဲထားတဲ့ အခြေအနေမျိုး ဖြစ်တယ်” ဟု လွေးယေဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။
လက်ရှိတွင် ညီနောင်မဟာမိတ်ချင်း မိတ်ဖက်ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးရန် TNLA ဘက်မှ FPNCC ဥက္ကဋ္ဌဖြစ်သည့် ‘ဝ’တပ်ဖွဲ့ UWSA ထံ ဖေဖော်ဝါရီလအတွင်း စာပို့တောင်းဆိုခဲ့ပြီး တရုတ်အစိုးရထံလည်း အလားတူ အကူအညီ တောင်းဆိုထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
မတ်လ (၁၄) ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊ လွိုင်ဆမ်ဆစ်၊ မန်ပြိန်းနှင့် မြို့အနီးတဝိုက်ရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။
TNLA နှင့် MNDAA ကြား မိတ်ဖက်ပဋိပက္ခများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းကြဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ၊ တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ရက် TCSN တို့အပြင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ထုတ်ပြန်တိုက်တွန်းထားသည်။







