စစ်ရှောင်စာသင်ကျောင်းအတွက် ကွန်ပျူတာလိုအပ်မှုအကူအညီ မရသေး

စစ်ရှောင်စာသင်ကျောင်းအတွက် ကွန်ပျူတာလိုအပ်မှုအကူအညီ မရသေး

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်အနောက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းတနေရာအတွက် ၄ လကြာ တောင်းခံထားတဲ့ ကွန်ပျူတာ လိုအပ်မှု အကူအညီ မရရှိသေးဘူးလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကွန်ပျူတာ လိုအပ်တဲ့ အဓိက‌အကြောင်းရင်းတော့ သူတို့ အထက်တန်းအထိ ဖွင့်တော့ သင်ထောက်ကူအနေနဲ့ပေါ့နော်။ စာရွက်စာတမ်းထုတ်ဖို့လိုတယ်။ မေးခွန်းတွေထုတ်ဖို့လိုတယ်။လိုတော့ အပြင်မှာ သွားထုတ်ရင် မိတ္ထူခနဲ့ အများကြီးပေးရတာပေါ့နော်။ ဆရာမတွေလည်း အလှူခံပေမယ့် မပြည့်စုံနိုင်တော့ ကျနော့်ကိုအကူအညီတောင်းတာပေါ့နော်။ အကူအညီတောင်းထားတာ ၄ လလောက်ရှိပြီ အခုထိတော့ မရရှိသေးဘူး။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။

ကျောင်းသုံးစာရွက်စာတမ်းတွေ ပရင့် ( Print ) ထုတ်နိုင်ဖို့ ကွန်ပျူတာမရှိတာကြောင့် ပညာရေးအတွက် အချိန်ကြန့်ကြာတာ၊ ကုန်ကျစရိတ် မတတ်နိုင်တာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းအတွင်း ကိုယ်ပိုင်အသုံးပြုလို့ရမည့် ကွန်ပျူတာရှိခြင်းအားဖြင့် သင်ကြားရေးမှာလည်း ပိုမိုမြန်ဆန် ထိရောက်စေမှာဖြစ်တယ်လို့လည်း အဆိုပါ ကျောင်းရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“လိုအပ်တာတော့ လောလောဆယ်တော့ ရုံးလုပ်ငန်းပေါ့နော်။ ရုံးအပိုင်းမှာ အရမ်းကြီးလိုအပ်တယ်။ ဘာလို့ဆို ရုံးအပိုင်းဖြစ်တဲ့ စာရွက်တွေ ပရင့်ထုတ်တဲ့အချိန်မှာ မိတ္တူဆိုင်တွေ သွားရတော့ အဆင်မပြေဘူးပေါ့နော်။ ကျောင်းကဆရာ/မတွေလည်း သူတို့ပြောတယ် အခုလို ပရင့်ထုတ်ပြီး သင်ကြားပေးတာ ထိရောက်မှုပိုရှိတယ်ပေါ့နော် ။ဆို‌တော့ ကွန်ပျူတာရှိရင် ကိုယ်တိုင်ပရင့်ထုတ်လို့ရရင် ပိုမြန်ဆန်ပြီး ပိုအဆင်ပြေမှာပေါ့နော်။ “လို့ ကျောင်းတာဝန်ရှိသူက ဆိုပါတယ်။

ကျောင်းအတွက် ကွန်ပျူတာ ၂ လုံး လိုအပ်နေပြီး ငွေကြေးပမာဏအားဖြင့် မြန်မာငွေကျပ်သိန်း (၃၀) ဝန်းကျင် ကုန်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောင်းဟာ Grade-1 ကနေ Grade-11 ထိ ဖွင့်လှစ်ထားပြီး ကျောင်းသားဦးရေ ၂၇၀ ကျော်ရှိကာ ဆရာ/မ ဦးရေ ၂၀ ကျော်နဲ့ သင်ကြားပေးနေတာပါ။

လာမည့်စာသင်နှစ်မှာတော့ Grade-12 ထိ ဖွင့်လှစ်သွားမှာဖြစ်တာကြောင့် လက်ရှိ ကွန်ပျူတာ လိုအပ်မှုအခြေအနေကို ကူညီပေးကြဖို့ကိုလည်း ကျောင်းတာဝန်ရှိသူတဦးက တောင်းဆိုထားပါတယ်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...