ဂျမူးတွင် ရိုဟင်ဂျာ မိသားစုများ ဆက်လက်ထိန်းသိမ်းနေရ

ဂျမူးတွင် ရိုဟင်ဂျာ မိသားစုများ ဆက်လက်ထိန်းသိမ်းနေရ

အိန္ဒိယထိန်းချုပ်ထားသော ဂျမူး (Jammu) နှင့် ကက်ရှ်မီးရ် (Kashmir) ဒေသတွင် နေထိုင်နေသော ရိုဟင်ဂျာ ဒုက္ခသည် မိသားစုများအတွက် ယခုနှစ် ရမ်ဇာန်လသည် မိသားစုများအတူတကွ အီဖ်တာစားသောက်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် မဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းမှု၊ မိသားစုကွဲပြားမှုနှင့် မသေချာမရေရာမှုများအောက်တွင် ကုန်ဆုံးနေသည်။

၂၀၂၁ ခုနှစ်တွင် ဂျမူးး (Jammu) ဒေသရှိ တရားဝင် စာရွက်စာတမ်းမရှိသော ပြည်ပဝင်ရောက်နေထိုင်သူများကို စစ်ဆေးဖော်ထုတ်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခံခဲ့ရသော ရိုဟင်ဂျာ ဒုက္ခသည် ၂၅၀ ကျော် သည် ယနေ့အထိ ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ထားရှိခံနေရသည်။

ဒေသတွင်း မီဒီယာများ၏ အဆိုအရ ထိုဒုက္ခသည်များကို အိန္ဒိယ–ပါကစ္စတန် နယ်စပ်အနီးရှိ ကက်သွာ (Kathua) ခရိုင် ဟီရာနာဂါရ် (Hiranagar) တွင် တည်ရှိသော ထိန်းသိမ်းရေးစခန်းတွင် ထားရှိထားသည်။

ရိုဟင်ဂျာ များသည် မြန်မာနိုင်ငံမှ မူဆလင်လူမျိုးစု တစ်စုဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်စစ်ဆင်ရေးကြောင့် လူပေါင်း ၇ သိန်းကျော် နိုင်ငံမှ ထွက်ပြေး၍ တခြားတွင် ခိုလှုံခဲ့ရသည်။ ထိုအဖြစ်အပျက်သည် ယနေ့ခေတ်တွင် အကြီးမားဆုံး လူမျိုးမဲ့ ဒုက္ခသည် ပြဿနာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

ရိုဟင်ဂျာ အများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား (Cox’s Bazar) ဒေသရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော်လည်း အချို့သည် အိန္ဒိယအပါအဝင် အနီးအနားနိုင်ငံများတွင် ခိုလှုံနေကြသည်။ ဂျမူး (Jammu) ဒေသတွင် ရိုဟင်ဂျာ မိသားစုများစွာသည် နာဝါလ် (Narwal )ဒုက္ခသည်စခန်း ကဲ့သို့သော နေရာများတွင် နှစ်များကြာ နေထိုင်လာခဲ့ကြသည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် အာဏာပိုင်များက တရားဝင် စာရွက်စာတမ်းမရှိသူများကို စစ်ဆေးဖော်ထုတ်ရန် လုပ်ဆောင်ခဲ့ပြီး ရိုဟင်ဂျာ အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုလုပ်ဆောင်ချက်များကြောင့် မိသားစုများသည် ထိန်းသိမ်းရေးစခန်းများနှင့် ဒုက္ခသည်စခန်းများအကြား ခွဲခွာနေကြရသည်။

မိသားစုအချို့တွင် မိဘများသည် ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ရှိနေပြီး ကလေးများသည် အဖိုးအဖွားများနှင့် ဒုက္ခသည်စခန်းများတွင် အခက်အခဲများကြား နေထိုင်ရသည်။

ဥပမာအားဖြင့် မိုဟာမတ် ရှား (Mohammad Shah) နှင့် ဇနီး ဘီဘီ ဇာရိန် (Bibi Zareen) တို့ကို ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ကလေး သုံးဦးကို အသက် ၇၂ နှစ်ရှိသော အဖွား ဖါတေမာ (Fathima) က စောင့်ရှောက်နေသည်။ အဖွားသည် နာဝါလ် (Narwal) နှင့် ဘာသီန်ဒီ (Bathindi) ဒေသများအနီးတွင် တောင်းစားကာ ကလေးများအတွက် အစားအစာရှာဖွေပေးနေရသည်ဟု သိရသည်။

အခြား ရိုဟင်ဂျာ ထိန်းသိမ်းခံသူ အဘူလ် ဟူဆိန် (Abul Hussain) ၏ မိသားစုလည်း အလားတူ အခက်အခဲများကြုံတွေ့နေသည်။ ၎င်း၏ ဇနီးသည် ၂၀၂၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ကလေးငါးဦးသည် နာဝါလ် (Narwal) စခန်းတွင် ဆက်လက်နေထိုင်နေကြသည်။ အကြီးဆုံးသားသည် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့ရန် ဂျမူး (Jammu) မီးရထားဘူတာတွင် ပလတ်စတစ်အမှိုက်များ ကောက်ယူရောင်းချနေသည်ဟု သိရသည်။

ရိုဟင်ဂျာ အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များက ထိန်းသိမ်းခံသူများအများစုသည် ရာဇဝတ်မှုကြောင့် မဟုတ်ဘဲ ဥပဒေရေးရာ လုပ်ငန်းစဉ်များကို လိုက်နာရန် ငွေကြေးမရှိခြင်းကြောင့် နှစ်များကြာ ထိန်းသိမ်းခံနေရသည်ဟု ပြောကြသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများက ထိုသို့သော ကြာရှည် ထိန်းသိမ်းမှုများသည် အထူးသဖြင့် လူမျိုးမဲ့ ဒုက္ခသည်များနှင့် ကလေးများ ပါဝင်နေသောကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ဒုက္ခသည် ဥပဒေများနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း သတိပေးထားသည်။

ဂျမူး(Jammu) ဒေသတွင် ရိုဟင်ဂျာများအပေါ် မူဝါဒသည် နိုင်ငံရေး အငြင်းပွားမှုများနှင့်လည်း ဆက်စပ်နေပြီး အချို့သော ဟိန္ဒူ အမျိုးသားရေး အဖွဲ့များက ရိုဟင်ဂျာ များကို နိုင်ငံမှ ပြန်ပို့ရန် တောင်းဆိုနေကြသည်။

သို့သော် လူ့အခွင့်အရေး ကျွမ်းကျင်သူများက ရိုဟင်ဂျာ များသည် လူမျိုးမဲ့ အခြေအနေရှိနေသောကြောင့် အတင်းအဓမ္မ ပြန်ပို့ခြင်းသည် ဥပဒေရေးရာနှင့် လူသားချင်းစာနာမှုအရ အလွန်ရှုပ်ထွေးကြောင်း သတိပေးထားသည်။

၂၀၁၇ ခုနှစ်အပြီး နှစ်များကြာသော်လည်း ရိုဟင်ဂျာ ပြဿနာအတွက် တည်ငြိမ်သော နိုင်ငံရေး ဖြေရှင်းချက် မရရှိသေးဘဲ ဒေသတွင်း ရိုဟင်ဂျာ များသည် ယနေ့အထိ ထိန်းသိမ်းမှု၊ အနိုင်ကျင့်မှုနှင့် နိုင်ငံရေးအရ ပစ်မှတ်ထားခြင်းများကို ရင်ဆိုင်နေကြရသည်။

ယခုနှစ် ရမ်ဇာန်လတွင် ဂျမူး (Jammu) ရှိ ရိုဟင်ဂျာ မိသားစုများအတွက် အရေးကြီးဆုံး ဆုတောင်းချက်မှာ မိဘများနှင့် ကလေးများ ပြန်လည်တွေ့ဆုံနိုင်မည့် နေ့ရက်များ အမြန်ဆုံး ရောက်ရှိလာရေး ဖြစ်သည်။

March 14, 2026
အိန္ဒိယနိုင်ငံတွင် နေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာသည်...
March 13, 2026
ဂျပန်အစိုးရသည် ၂၀၂၆ ခုနှစ် မတ်လအတွင်း ဒေါ်လာ ၁၆.၅ သန်း ပမာဏရှိ လူသားချင်းစာနာထောက်ထားရေး...
March 12, 2026
၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ အကြမ်းဖက်လှုပ်ရှားမှုများပြီးနောက် နှစ်ရှစ်နီးပါးကြာလာသော်လည်း...
March 11, 2026
ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်းကျော်ကို ဆက်လက်လက်ခံထားရခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက်...