ဟိုပင်မှာ ကလေး ၃ ဦးအပါအဝင် ၆ လောင်းပြိုင်လူသတ်မှုဖြစ်

ဟိုပင်မှာ ကလေး ၃ ဦးအပါအဝင် ၆ လောင်းပြိုင်လူသတ်မှုဖြစ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ နေအိမ်တစ်အိမ်မှာ ၆ လောင်းပြိုင်လူသတ်မှုဖြစ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင် မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅) အမှတ် (၅/၆၄) နေအိမ်မှာ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ကနဦးသတင်းရရှိတဲ့အတွက် ရပ်ကျေးတာဝန်ရှိသူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးရာမှာ အသက် ၁၁ နှစ်အောက် ကလေး ၃ ဦး၊ မိဘနှစ်ပါး နောက်ထပ် အိမ်အကူအမျိုးသမီးတစ်ဦး စုစုပေါင်း ၆ ဦးသတ်ဖြတ်ခံထားရကြောင်း ဖြစ်စဉ်ကိုသိသူတစ်ဦး KNG ကိုပြောပါတယ်။

“ဒီမနက်ဖြစ်သွားတာ အဲဒီအိမ်ရှင်တွေက ငွေတိုးချေးတဲ့အိမ်ဟုတ်တယ်။ သတ်ခံထားရတာက ဓါးနဲ့ခုတ်သတ်ခံရတာတွေပဲ”လို့ ပြောပါတယ်။

သတ်ခံရသူတွေဟာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အသက် (၄၁)နှစ်အရွယ် ဦးကျော်မြတ်ဦး အိမ်ရှေ့ဧည့်ခန်းမှာ ဓါးဒဏ်ရာနဲ့သေဆုံး‌နေပြီးနောက်ထပ် နေအိမ်ရှေ့အိပ်ခန်းတစ်ခုမှ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် မောင်ဘုန်းခန့်ကျော်၊ အိမ်အကူ အသက် (၄၂) နှစ်အရွယ် မမီးမီးတို့လည်း ဓါးဒဏ်ရာတွေနဲ့သေဆုံးနေကြောင်း ထပ်မံတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် နေအိမ်နောက်အိပ်ခန်းမှာ ဦးကျော်မြတ်ဦးရဲ့ဇနီးဖြစ်သူ အသက် (၃၇) နှစ်အရွယ် မအိဖြူ၊ သမီးဖြစ်သူ အသက် (၉) နှစ်အရွယ် ယုဝတီကျော်၊ အသက် (၅) နှစ်အရွယ် ယွန်းဝတီကျော်တို့ ဓါးဒဏ်ရာနဲ့သေဆုံးနေကြောင်း တွေ့ရှိရတယ်လို့ သိရပါတယ်။

သတ်ခံထားရတဲ့အလောင်းတွေကိုတော့ ဟိုပင်မှာဆရာဝန်မရှိတဲ့အတွက် ပင်းဘောတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒီ ၆ လောင်းပြိုင်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ချို့သုံးသပ်တာက ငွေတိုးချေးယူထားသူတွေဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

“ဖြစ်စဉ်ကို သုံးသပ်ရင် ကလေးတွေက နားရွက်ပါဖြတ်ခံထားရတယ်ဆိုတော့ ဓါးပြတိုက်တာသက်သက်မဟုတ်ပဲ အငြိုးရှိတဲ့သဘောလို့ သုံးသပ်လို့ရတယ်”လို့ ဟိုပင်နယ် ဒေသခံတစ်ဦး သုံးသပ်ထားပါတယ်။

ဟိုပင်မှာ ယခင်က ခုလို ၆ လောင်းပြိုင်လူသတ်မှုမရှိပေမယ့် တစ်ဦးစ နှစ်ဦးစ သတ်ခံရတာမျိုးတော့ ရှိတယ်လို့ သိရပါတယ်။

Most read this week

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...