ကချင်ပြည်နယ်က မြို့ကြီးတွေမှာ စက်သုံးဆီ လိုသလောက် ရောင်းချပေးတာ မရှိတော့

ကချင်ပြည်နယ်က မြို့ကြီးတွေမှာ စက်သုံးဆီ လိုသလောက် ရောင်းချပေးတာ မရှိတော့

ကချင်ပြည်နယ်အတွင်းက မြို့ကြီးတချို့မှာ စက်သုံးဆီတွေကို လိုသလောက် ရောင်းချပေးတာ မရှိတော့သလို တန်းစီစနစ်နဲ့ ဝယ်ယူနေရပြီး ဆီပန့်ဆိုင်အများပိုင်း ပိတ်ထားတယ်လို့ သိရပါတယ်။

စက်သုံးဆီတွေ ပြတ်လပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် မြစ်ကြီးနားမြို့က စက်သုံးဆီ ပန့်ဆိုင်တွေမှာ စက်သုံးဆီတွေကို အလုအယက် ဝယ်ယူနေကြပြီး ပန့်ဆိုင်တွေကလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"ဟုတ်တယ်။ ဒီမနက်က တန်းစီပြီးဝယ်ခဲ့တာ။ ၁၅ မိနစ်လောက်တော့ တန်းစီလိုက်ရတယ်။ တခြားဆိုင်တော့မသိဘူး။ အိမ်နားကဆိုင်ကတော့ တစ်ယောက်ကို နှစ်သောင်းဖိုးပဲ ရောင်းပေးတယ်။ ကျန်တဲ့ဆိုင်တွေတော့မသိဘူး။ ကားဆိုရင် တစ်သိန်းဖိုးလား မသိဘူး ရောင်းပေးတယ်။ ဆိုင်ကယ်ဆိုရင်နှစ်သောင်းဖိုးရောင်းပေးတယ်။”လို့ဆိုပါတယ်။

အခုလို ပန့်ဆိုင်တွေမှာ အလုအယက် ဝယ်ယူနေကြတဲ့အတွက် နေ့ခင်းပိုင်းမှာတော့ စက်သုံးဆီ ဆိုင်တွေ အားလုံးနီးပါး ပိတ်ထားတယ်လို့လည်း မြို့ခံတွေကဆိုပါတယ်။

ဒါ့အပြင် လမ်းမနံဘေးတွေမှာ ရောင်းချတဲ့ ဆိုင်သေးတွေမှာလည်း ဓာတ်ဆီတွေ ဝယ်ယူလို့ မရတော့ဘူးလို့ နောက်ထပ်မြစ်ကြီးနားမြို့ခံအမျိုးသမီးကလည်းပြောပါတယ်။

“ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။ ရထားသံလမ်းကူးက ဆီဆိုင်လေးမှာပဲ ရခဲ့တာ။ နောက်ထပ် မရတော့ဘူးနော်တဲ့။”လို့ဆိုပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့ဝင်ပေါက်က ဇေယျာမင်းစက်သုံးဆီဆိုင်မှာပဲ စက်သုံးဆီ ရောင်းချပေးနေပြီး လူတွေကြိတ်ကြိတ်တိုး သွားရောက်ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင်ဓာတ်ဆီတစ်လီတာကို ကျပ် ၆,၇၀၀ နဲ့ ၇,၀၀၀ ကြားရှိနေတယ်လို့‌ဆိုတယ်။ လမ်းဘေးလက်လီဆိုင်တွေမှာတော့ တစ်လီတာကို ကျပ် ၁၀,၀၀၀ ထိ ရောင်းချကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တနိုင်းမြို့က စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာလည်း စက်သုံးဆီ တွေကို ပုံးတွေနဲ့ မရောင်းချပေးတော့ကြောင်း စာရေးသားထားတယ်လို့ သိရပါတယ်။

"ခုနကဆီသွားထည့်တာ။အဲဒီမှာဆိုင်းဘုတ်နဲ့ရေးထားတာ ဓာတ်ဆီဒီဇယ်တွေကို ပါဆယ်ပုံး စနစ်နဲ့ မရောင်းချတော့ဘူးဆိုပြီး ရေးထားတယ်။ ပြီးတော့ လူတွေက ပုံးတွေနဲ့အများကြီး လာမေးကြတယ်။ ဘယ်သူမှဝယ်လို့မရကြဘဲ ပြန်သွားတယ်။" လို့ တနိုင်းမြို့ခံတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။

အရင်ကတော့ ပုံးတွေနဲ့ ပါဆယ်ဝယ်ယူလို့ရပေမဲ့ ဒီကနေ့ကနေစတင်ပြီးတော့ လာဖြည့်တဲ့ ဆိုင်ကယ်မှာပဲ ဆီဖြည့်ပေးတော့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာလည်း စက်သုံးဆီဆိုင်တွေကို ပိတ်ထားကြပြီး ဖွင့်တဲ့အချိန်ခဏအတွင်း လူတွေတိုးပြီး သွားရောက်ဝယ်ယူနေကြတယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။

ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လောင်စာဆီ တင်သွင်းတဲ့ သယ်ယူပို့ဆောင်ရေးမှာ အဟန့်အတားတွေဖြစ်ပေါ်လာတဲ့နောက် စက်သုံးဆီဖူလုံမှုရှိရေး အကျပ်အတည်းကို နိုင်ငံတွေအများစု ကြုံနေရတာပါ။

စစ်ကော်မရှင်ဘက်ကတော့ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက်နဲ့ ဖူလုံမှုရှိရေး အတွက်ဆိုပြီး မော်တော်ယာဉ်တွေကို စုံရက် ၊ မရက် ခွဲပြီးတော့ တစ်ရက်ခြား မောင်းနှင်အသုံးပြုရမယ်လို့ မတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...
March 24, 2026
ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး...
March 20, 2026
လေယာဉ်ဆီအကန့်အသတ်ကြောင့် ခရီးသည်တွေအတွက် အပိုဝန်စည် သယ်ဆောင်ခွင့်ကို တစ်ယောက် ၁၀ ကီလိုဂရမ်အထိပဲ...
March 18, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက ပြည်သူတွေအနေနဲ့ သတိရှိရှိနေကြဖို့...