အဖွဲ့ဝင် ကတ်ပြားများကို စစ်သုံးစရိတ်တောင်းရန် အဓမ္မ လုပ်ခိုင်းနေဟု ပအိုဝ်းပြည်သူ့စစ်ကို စွပ်စွဲ

အဖွဲ့ဝင် ကတ်ပြားများကို စစ်သုံးစရိတ်တောင်းရန် အဓမ္မ လုပ်ခိုင်းနေဟု ပအိုဝ်းပြည်သူ့စစ်ကို စွပ်စွဲ

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး စေခိုင်းခြင်းမှာ စစ်ကော်မရှင် ထံ စစ်အသုံးစရိတ် တင်ပြတောင်းခံရန်အတွက်သာ ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ သပြေကုန်းကျေးရွာတွင် ရွာသားများကို ကတ်ပြားများ ပြုလုပ်စေခြင်း ဖြစ်သည်။

PNA ရာထူးကြီးပိုင်းများနှင့် နီးစပ်သူများ၏ အဆိုအရ အဆိုပါကတ်များ ပြုလုပ်ခြင်းမှာ တပ်ဖွဲ့ဝင်အင်အား စာရင်း ပြသနိုင်ရန်သာ ဖြစ်ပြီး ဒေသခံများအနေဖြင့် ပြည်သူ့စစ်ထဲသို့ အမှန်တကယ် ဝင်ရောက်စစ်မှုထမ်းရန် မလိုဟု ဆိုထားသော်လည်း မြေပြင်တွင်မူ ဒေသခံများက ယုံကြည်မှုမရှိဘဲ စိုးရိမ်ပူပန်နေကြသည်။

ပြည်သူ့စစ်ကတ် ရရှိထားသူတစ်ဦးနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက မြေပြင်အခြေအနေကို ယခုကဲ့သို့ ပြောပြသည်။ 

“သူကြီးကတော့ အဲဒါရှိရင် ဗမာစစ်တပ်က စစ်မှုထမ်း မခေါ်ဘူးလို့ ပြောတယ်။ အခု လုပ်ကြတာ တော့ အဲဒါ ကြောက်လို့ မဟုတ်ပါဘူး။ PNO က ဒါလုပ်ဆို တစ်ရွာလုံး လုပ်ရတာပဲ။ ပအိုဝ်းထုံးစံလို ဖြစ်နေပါ ပြီ။ မယုံရပါဘူး။ ဟိုတစ်ခါကလည်း လာခေါ်တာ ပါသွားတာပဲလေ။ သင်တန်းတက်တဲ့ လူတွေပေါ့။”

သပြေကုန်းကျေးရွာရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကျေးရွာ အစည်းအဝေး၌ ကတ်ပြုလုပ်ရန် မှာကြားထားပြီး လာမည့် မတ်လအတွင်း PNA တာဝန်ရှိသူများက လာရောက် စစ်ဆေးမည်ဟု ဆိုသည်။

အဆိုပါ ကတ်ရှိပါက ယာဉ်လိုင်စင်များ မလိုအပ်ဘဲ ရှမ်းပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာနိုင်မည် ဟု လည်း PNA က ဝါဒဖြန့်ထားကြောင်း ဒေသခံများက ပြောသည်။

ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ PNA ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းနှင့် နီးစပ်သူတစ်ဦးက “ပိုက်ဆံကတော့ မပေးရပါဘူး။ မပေးရဘူးဆိုတာက မကောက်တာ မဟုတ်ဘူး။ အရင်တစ်ခါ ကောက်ပြီးပြီ။ အဲဒီတုန်းက တိုင်ကြလို့တောင် သူတို့အပေါ်မှာ ပြဿနာတက်ကြသေးတယ်။ အခုတော့ မကောက်ဘူး။ နောက်လကျရင်တော့ ရိက္ခာကြေး ကောက်မယ်လို့ မှာခဲ့တယ်” ဟု ပြောသည်။

လက်ရှိတွင် PNA သည် သပြေကုန်းကျေးရွာ၌ ၂၀၂၄ ခုနှစ်အတွင်း စစ်သင်တန်းများ ပေးခဲ့သလို၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် လူအင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားပြပွဲများ ပြုလုပ်ကာ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်တင်ထားသည်။

ထို့ပြင် စစ်ကော်မရှင်က ခေါ်ယူထားသည့် စစ်မှုထမ်းများအတွက် လစာငွေများကိုလည်း ဒေသခံများထံမှ ကောက်ခံနေသဖြင့် သပြေကုန်းဒေသခံများမှာ ဆက်ကြေးကောက်ခံမှုနှင့် လူသစ်စုဆောင်းမှုဒဏ်ကို အစဉ်တစိုက် ခံစားနေရကြောင်း ဆိုသည်။

 

July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...
July 11, 2026
သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ...
July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...