တမူးမှာ တပ်သားစုဆောင်းကိစ္စ ဆန္ဒပြခံရမှုကို စစ်ဆေးအရေးယူမယ်လို့ PDF ဆို

တမူးမှာ တပ်သားစုဆောင်းကိစ္စ ဆန္ဒပြခံရမှုကို စစ်ဆေးအရေးယူမယ်လို့ PDF ဆို

စစ်ကိုင်းတိုင်း၊ တမူးခရိုင်တောင်ပိုင်းက ကျေးရွာတချို့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) လက်အောက်ခံ တမူးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ရင်းတွေရဲ့ တပ်သားစုဆောင်းခဲ့မှုအပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်ခဲ့လာတာတွေကြောင့် အခြေအနေမှန်ကို စစ်ဆေးဖော်ထုတ် အရေးယူသွားမယ်လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။

တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက “တကယ်လို့ အိမ်ပေါ်တက်ပြီးသောင်းကြမ်းတာမျိုးတွေ စသဖြင့် လုပ်တာတွေ၊ သေနတ်ဖောက်တာတွေ၊ ခြိမ်းခြောက်တာမျိုးတွေရှိရင် ဖော်ထုတ်ပြီးမှ အရေးယူသွားဖို့ရှိတယ်။ ပြီးခဲ့တဲ့ ၁ လပိုင်း ၁၆ ရက်နေ့က အရေးပေါ်အုပ်ချုပ်ရေးနဲ့ ရပ်/ကျေးတွေ အစည်းဝေးလုပ်တယ်။ လုပ်တဲ့နေရာမှာ တပ်ရင်းတပ်ဖွဲ့တွေကနေပြီးမှ တစ်ရွာကို တပ်သားသစ်အနေနဲ့ ၃ ယောက်ကနေ ၊ ၅ ယောက်အကြားကို စုဆောင်းပေးဖို့ကို တိုက်တွန်းမေတ္တာရပ်ခံလိုက်တယ်။ အဲလိုအနေထားမှာ တချို့ရွာတွေက ပို့တယ်ပေါ့။ အခုလက်ရှိဆန္ဒပြတဲ့ရွာတွေက လုံးဝလည်းမပို့ချင်ဘူးဆိုတဲ့အနေထားတွေ ဖြစ်လာတော့ အခုလိုမျိုးဖြစ်တဲ့ အခင်းအကျင်းတွေ ဖြစ်ပျက်သွားတဲ့ အနေထားဖြစ်သွားတယ်” လို့ပြောပါတယ်။

တမူးမြို့နယ်ထဲက မင်းသမီးကျေးရွာ၊ ဇီးဖြူကုန်း၊ ရွာသာနဲ့ ဘုက္ကန်ရွာ စတဲ့ ၅ ရွာခန့်က ဒေသခံအမျိုးသမီးတွေက တမူး PDF တပ်ဖွဲ့ရဲ့ တပ်သားစုဆောင်းမှုမှာ ခြိမ်းခြောက်တာတွေ အချိန်မတော် ဖမ်းဆီးတာတွေ အသက်မပြည့်တာတွေ ပါဝင်လို့ဆိုပြီး ဖေဖော်ဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ တပ်သားစုဆောင်းခံရသူတွေထဲကနေ ၂ ဦးကို ကနဦးကတည်းက ပြန်လွှတ်ပေးတာမျိုးရှိတယ်။ လွှတ်တာကလည်း ဆန္ဒပြလို့ လွှတ်တာမဟုတ်ဘဲနဲ့ လွှတ်သင့်လွှတ်ထိုက်လို့ လွှတ်ပေးတာရှိတယ်” လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တပ်သားစုဆောင်းခံရလို့ လက်ရှိဆန္ဒပြကြသူတွေထဲမှာ နစ်နာသူတွေ ရှိကောင်းရှိနိုင်ပြီး တချို့ဟာ စစ်ကော်မရှင်တပ်ဖွဲ့ကို အားပေးထောက်ခံသူ များဖြစ်တာကြောင့် နီးရာဓားကို ကြောက်၍သာ PDF ဘက်ကို ထောက်ခံသည့် ပုံစံပြကြတာဖြစ်ပြီး ဒီလိုအခင်းအကျင်းမျိုး ဖြစ်လာရတာဖြစ်တယ်လို့လည်း တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

March 11, 2026
နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို...
March 10, 2026
ချင်းပြည်နယ်အတွင်းက ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ အဖွဲ့အစည်း ၁၆...
March 9, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh ) ကျေးရွာကို စစ်ကော်မရှင်က မနေ့ မတ်လ ၈ ရက်နေ့က...
March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...