သံလွင်တံတား ပျက်စီးသွားတာကြောင့် ဒေသတွင်း အခက်အခဲတွေ ပိုများလာမယ်လို့ဆို

သံလွင်တံတား ပျက်စီးသွားတာကြောင့် ဒေသတွင်း အခက်အခဲတွေ ပိုများလာမယ်လို့ဆို

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်အတွင်းက ဖားဆောင်း သံလွင် မြစ်ကူး တံတား ဖောက်ခွဲခံရပြီး ပျက်စီးသွားတာကြောင့် နောက်ဆက်တွဲအနေနဲ့ ဒေသခံတွေရဲ့ ကုန်သွယ်ရေး နဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုခက်ခဲလာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ကရင်နီပြည် မော်ချီးဒေသမှာ နေထိုင်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးကတော့ "အရေးပေါ် ကျန်းမာရေး အနေနဲ့တော့ ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်သွားပြီလေ။ ကျန်တာ အရေးမကြီးဘူးလားဆိုတော့ အရေးကြီးပါတယ်။ ကျန်းမာရေးထက် တော့ ဘယ်ဟာမှ အရေးမကြီးဘူး။ နောက်တစ်ခု က ကုန်စည် စီးဆင်းမှုတွေလည်း နှောက်နှေးကုန်ပြီ။ မော်ချီးခဲရိုင်းသတ္တုတွင်းကတော့ အရှင်းဆုံးပြောရမယ်ဆိုရင် ဒီတံတားပေါ် ကနေ သွားလာလှုပ်ရှား ကြတယ်။ အခုတံတားကို ဖောက်ခွဲလိုက်တော့ ပိုက်ဆံ ထပ်ကုန်ဖို့ လမ်းကြောင်း ထပ်ဖြစ်သွားတာပေါ့" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စစ်ကော်မရှင်တပ်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖားဆောင်း သံလွင်မြစ်ကူး တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို ပိတ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်တွေဟာ ဖားဆောင်းမြို့တွင်းကို ပြန်လည်ရောက်ရှိနေပြီး မြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်လာတဲ့အခါ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့ကနေ တံတားကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ခုလို ဖောက်ခွဲရခြင်း ဖြစ်တယ်။” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဖားဆောင်းဒေသခံ လူငယ်တဦးကတော့ တံတားကို ဖျက်ဆီးလိုက်တာဟာ ဒေသတွင်းမှာ အဖက်ဖက်က အခက်အခဲတွေ ပိုမိုများပြားလာနိုင်တယ်လို့ ဆိုထားပါတယ်။

"ပုံမှန်အနေအထားအရ တံတားက ဆက်သွယ်လို့ မရတော့ဘူးဆိုတော့ လမ်းပန်း ဆက်သွယ်ရေးတွေမှာတော့ အများကြီး နှောင့်နှေးသွားပြီ။ ဒါပေမယ့် စစ်ရေး အခြေအနေအရ တံတားကို ဖျက်လိုက်တာလား။ အဲ့ဒါကို ကျနော်တို့ လက်လှမ်းမမှီဘူး။ စစ်ရေးအခြေအနေအရ လုပ်တယ်ဆိုရင် စစ်ရေးပိုင်း ကျွမ်းကျင်သူတွေပဲ ဆုံးဖြတ်ချက်ချတာ ဖြစ်မယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ အဆိုးအကောင်းကို လက်ခံရတော့မှာပဲ " လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

အခုလို ဖားဆောင်းသံလွင် မြစ်ကူး တံတား ဖောက်ခွဲခံလိုက်ရတဲ့ နောက်ပိုင်းမှာတော့ ဒေသတွင်း ကုန်သွယ်ရေး၊ ကုန်စည်လမ်းကြောင်း၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပိုမိုခက်ခဲလာပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်လည်း ကုန်စျေးနှုန်းအဆမတန် ကြီးမြှင့်လာနိုင်တယ် ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း ဖားဆောင်း သံလွင်မြစ်ရဲ့ အရှေ့ဘက်ကမ်းကို စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာခဲ့ရင်တော့ တံတားတစင်းထက်မက ပေးဆပ်မှုတွေ ပိုများနိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

Most read this week

ပျက်စီးသွားတဲ့ ဖားဆောင်းတံတား နဲ့ ထူးချောင်းတံတားကို တွေ့ရစဉ်
February 17, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်တံတား ယခုရက်ပိုင်းအတွင်းမှာပဲ...
ဓါတ်ပုံ - Mg Bo (Facebook)
February 16, 2026
ကရင်နီပြည်က မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဟာ အ‌ရေပြားယားနာ အဖြစ်များနေကြပြီး...
February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...