ရခိုင်မြောက်ပိုင်းတွင် ထင်းခုတ်ယူမှုကို တားမြစ်ပြီးနောက် မီးသွေးအရောင်းသွက်လာ

ရခိုင်မြောက်ပိုင်းတွင် ထင်းခုတ်ယူမှုကို တားမြစ်ပြီးနောက် မီးသွေးအရောင်းသွက်လာ

အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ထင်းခုတ်ယူမှုကို တားမြစ်လိုက်ပြီးနောက် မီးသွေးဝယ်လိုအား မြင့်တက်လာပြီး ဈေးကောင်းလည်းရရှိနေကြောင်း ရောင်းချသူများထံမှ သိရသည်။

မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ထင်းခုတ်ယူ အသုံးပြုမှုကို တားမြစ်ထားခြင်းဖြစ်ပြီး ဒေသခံများမှာ လောင်စာအခက်အခဲကို ဖြေရှင်းရန်အတွက် မီးသွေးကို အားထားလာခြင်းဖြစ်သည်။

လက်ရှိတွင် လောင်စာအတွက် ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့မှ ထွက်ရှိသော မီးသွေးများကို အဓိက ဝယ်ယူသုံးစွဲနေကြပြီး ကျောက်တော်မြို့သို့ တစ်ရက်လျှင် အနည်းဆုံး မီးသွေးအိတ် ၆,၀၀၀ ထိ ဝင်ရောက်မှု ရှိနေသည်။

ကျောက်တော်မြို့မှ မီးသွေးရောင်းဝယ်သူတစ်ဦးက “အခု ထင်းခုတ်တာကို ကန့်သတ်ထားတော့ တောင်ပိုင်းဘက်ကလာတဲ့ မီးသွေးကိုပဲ ဝယ်နေရတယ်။ ဈေးကတော့ မနည်းဘူး၊ ဒါပေမဲ့ မီးမရှိတဲ့ အခါကျတော့ ဒါကိုပဲ ဝယ်သုံးနေရတာပါ။ တစ်နေ့ကို ဘုတ်တွေနဲ့တင် အိတ်ပေါင်း ထောင်ချီ ဝင်တယ်၊ ဝင်သမျှလည်း အကုန်ရောင်းရတယ်” ဟု ပြောသည်။

လက်ရှိ မီးသွေးတစ်အိတ်လျှင် ငွေကျပ် ၁၄,၀၀၀ မှ ၁၇,၀၀၀ ထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ နှစ်နှစ်ကျော်ကြာမြင့်လာပြီး ဒေသခံများမှာ ချက်ပြုတ်စားသောက်ရေး လောင်စာအတွက် ထင်း၊ မီးသွေးကို အဓိက အားထားနေ ရသည်။

သို့သော် သစ်တောပြုန်းတီးမှုများကို ကာကွယ်ရန်ဟုဆိုကာ အာရက္ခတပ်တော် (ULA/AA) က ယခုနှစ် ဇန်နဝါရီလမှ စ၍ ရခိုင်မြောက်ပိုင်းမြို့နယ်အချို့တွင် ထင်းခုတ်ယူမှုကို ကန့်သတ်တားမြစ်လာသဖြင့် ဒေသခံများမှာ လောင်စာအတွက် အခက်အခဲဖြစ်ပေါ်နေကြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတစ်ဦးက “ သစ်တောကို ထိန်းသိမ်းတာ ကောင်းပါ တယ်။ ဒါပေမဲ့ ပြည်သူတွေ ဘာနဲ့ ထမင်းချက်မလဲဆိုတာကိုလည်း ထည့်စဉ်းစားရမယ်။ အခုက မြောက်ပိုင်းမှာ ပိတ်လိုက်တော့ တောင်ပိုင်းက တောတွေ ပြုန်းတီးလာမယ့် အခြေအနေဖြစ်တယ်။ ဒါဟာ ရေရှည်အတွက်တော့ အင်မတန် ရင်လေးစရာကောင်းတဲ့ ကိစ္စပါ” ဟု ပြောသည်။

ULA/AA အနေဖြင့် သစ်တောပြုန်းတီးမှုကို တားဆီးရန်အတွက် တားမြစ်ချက်များ ထုတ်ပြန်သည့် အပြင် ပြည်သူများအတွက်လည်း အစားထိုးလောင်စာရရှိရေးနှင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည့် သစ်တော မူဝါဒများကိုပါ ဖော်ဆောင်သင့်ကြောင်း‌ ထောက်ပြမှုများ ရှိနေသည်။

ULA /AA ၏ ဌာနဆိုင်ရာတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက “အာရက္ခပြည်သူ့ အစိုးရ အနေနဲ့ ပြည်သူတွေ အဆင်ပြေဖို့ ဈေးသက်သာတဲ့ အစားထိုး လောင်စာတွေရအောင် နည်းစနစ်တွေ ဖော်ဆောင်ပေးသင့်တယ်။ အခုလို ထင်းခုတ်တာပဲ ပိတ်လိုက်ရင် မီးသွေးဈေး တက်ပြီး ပြည်သူတွေပဲ ဒုက္ခရောက်မယ်။ စနစ်တကျ ထင်းစိုက်ခင်းတွေ ဖော်ဆောင် ပေးတာမျိုးလည်း လုပ်သင့်တယ်” ဟု ပြောသည်။

အာရက္ခတပ်တော်သည် ရခိုင်က ထိန်းချုပ်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးများ ဖော်ဆောင်ကာ ဌာနဆိုင်ရာများကိုလည်း ပြန်လည်တည်ဆောက်လုပ်ဆောင်နေသည်။

သို့သော် အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမူဝါဒများသည် လက်ရှိ ပြည်သူများရင်ဆိုင် ကြုံတွေ့နေရသည့် အခြေအနေအပေါ်မှာလည်း သုံးသပ်ဖော်ဆောင်သင့်ကြောင်း ထောက်ပြနေကြသည်။

လက်ရှိ အာရက္ခတပ်တော် (ULA/AA) ၏ ထင်းခုတ်ယူခြင်း တားမြစ်ချက်သည် ကောင်းမွန်သော်လည်း နောက်ဆက်တွဲအနေဖြင့် ရေရှည်တွင် လောင်စာနှင့်ပတ်သက်၍ စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်ခြေရှိနေသည်။ 

Most read this week

February 11, 2026
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...
February 9, 2026
ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့်...
February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...