ပေါ်ပေါက်လာမယ့် လွှတ်တော်ဟာ စစ်တပ်အုပ်ချုပ်ရေး တည်မြဲစေရေး အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော်သာဖြစ်

ပေါ်ပေါက်လာမယ့် လွှတ်တော်ဟာ စစ်တပ်အုပ်ချုပ်ရေး တည်မြဲစေရေး အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော်သာဖြစ်

အာဏာသိမ်း စစ်အုပ်စု ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်ပေါက်လာမယ့် ပြည်ထောင်စု လွှတ်တော်ဟာ စစ်တပ်အုပ်ချုပ်ရေး တည်မြဲစေရေး အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော် (တိုင်း/ ပြည်နယ်များအပါအဝင်) တွေသာ ဖြစ်ကြောင်း ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်းအထိမ်းအမှတ် (၇၉) နှစ်မြောက် ပြည့်တဲ့နေ့ပြည်ထောင်စုနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)က သဝဏ်လွှာပို့ခဲ့တာဖြစ်ပါတယ်။

“ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမယ့် အတုအယောင် ပြည်ထောင်စု လွှတ်တော် ဟာ တစ်ချိန်က အမျိုးသား ညီလာခံကဲ့သို့ (၁၄) နှစ်အကြာ အချိန်ဆွဲကာ စစ်တပ်အာဏာ တည်မြဲရေးအတွက် ရွေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းတူ အနာဂတ်စစ်တပ်အုပ်ချုပ်ရေးကို အထောက်အကူပေးမယ့် ဟန်ပြလွှတ်တော် ( တိုင်း / ပြည်နယ်များအပါအဝင် ) များသာဖြစ်ကြောင်း မှတ်ချက်ပြုလိုတယ်လို့” CNFရဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဦးဆောင်ပြီး ပါတီစုံဒီမိုကရေးရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်တွေလည်း ထွက်ပေါ်လာပြီး စစ်အုပ်စုကျောထောက်နောက်ခံ ပါတီက ကိုယ်စားလှယ်လောင်းတွေက နေရာအများစုကို အနိုင်ရခဲ့သလို နောက်လာမယ့် မတ်လကစလို့ လွှတ်တော်အစည်းအဝေးတွေကို ကျင်းပတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်းအထိမ်းအမှတ် (၇၉) နှစ်မြောက် ပြည့်တဲ့ ဒီကနေ့မှာ စစ်တပ်ကင်းရှင်းတဲ့ အနာဂတ်မြန်မာပြည် နိုင်ငံရေးစနစ်ကို ဖော်ဆောင်ကာ ပြည်ထောင်စုကို ပင်လုံအနှစ်သာရ အပါအဝင် ၊ Bottom – up Federalism အခြေခံတို့ဖြင့် ဦးတည်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ဆန္ဒတူတဲ့ တော်လှန်ရေးအင်အားစု တွေနဲ့အတူ လက်တွဲသွားမယ်လို့ CNF က သဝဏ်လွှာပို့ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ဟာ ဘိုးဘွားတို့ ခေတ်ကာလ ကတည်းက သီးခြားလွတ်လပ်စွာ နေထိုင်လာကြတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ ရှမ်းပြည်ထောင်စုနဲ့ ဗမာပြည်မတို့ရဲ့ နယ်မြေတွေကို စုပေါင်း “ လွတ်လပ်သည့် ပြည်ထောင်စု” တည်ဆောက်ရန် အတွက် ပင်လုံသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြတဲ့ အခါသမယနေ့ ဖြစ်တယ်လို့ CNF ကဆိုပါတယ်။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံချက်ပေးတဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမည့် ပင်လုံစာချုပ်၊ ပင်လုံကတိကဝက်နှင့် ပင်လုံစိတ်ဓာတ်တို့ ပါဝင်သည့် ပင်လုံအနှစ်သာရဖြစ်သည်။ သို့သော်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် ဗမာပြည်မ နယ်မြေကို ပြည်ထောင်စု ဗဟိုအာဏာနှင့်တွဲထားပြီး ကျန်နယ်မြေတွေကို လက်အောက်ခံနယ်မြေတွေအဖြစ် သတ်မှတ်ခဲ့တဲ့ အပြင်ခေတ်အဆက်ဆက်မှ လူမျိုးကြီးဝါဒဖြင့် ကြီးစိုးအုပ်ချုပ်လာခဲ့ကြတဲ့ ပြည်မခေါင်းဆောင်တွေ အာဏာသိမ်း စစ်တပ်က ဗိုလ်ချုပ်တွေ နဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့တွေက တစ်ပြည်ထောင် စနစ်အဖြစ် အသွင်ပြောင်းစေကာ တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုကို သက်သေထူသည့် အမျိုးသား ဂုဏ်အင် လက္ခဏာများ၊ စာပေ၊ ယဉ်ကျေးမှု နဲ့ ဓလေ့တွေကို စနစ်တကျ သိမ်းပိုက်ခြင်းနှင့် ဝါးမျိုဖျက်ဆီးခြင်းတို့ဖြင့် ပြည်ထောင်စု ဟူသည့် အနှစ်သာရသည် တစ်ပြည်ထောင် စနစ်သို့ ဦးတည်ပြောင်းလဲလာခဲ့သည်။ တဆက်တည်းတွင် စစ်တပ်ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က အမျိုးသားညီလာခံ ၁၄ နှစ်ကြာ ကျင်းပခဲ့ပြီး ၎င်းတို့ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သည် ထိုအရာများ သက်ရောက်မှုအပေါ် စစ်တပ် လုပ်ပိုင်ခွင့်အတွက် ခိုင်မာစေသည့် ထောက်တိုင် ဖြစ်လာခဲ့သည်။လို့ CNF ကထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဒီမိုကရေစီနဲ့ အရပ်သားအုပ်ချုပ်ရေးအာဏာကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြင့် ဖျက်ဆီးခဲ့ပြီး တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အခြေအနေတွေကို ပျက်စီးယိုယွင်းခြင်းသို့ တွန်းပို့တဲ့အပြင် နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းရာမှာ လက်နက် အင်အားအသုံးပြုတာကြောင့် ဒီမိုကရေစီလိုလားကြတဲ့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖက်ဒရယ်နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း တွေနဲ့အတူ ခုခံစစ်ဖြင့် တွန်းလှန်တိုက်ပွဲဝင်နေကြရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း မြန်မာ့တပ်မတော်ဟာ အရပ်သားတွေပေါ် လေကြောင်းအသုံးပြု ဗုံးကြဲတာ အတိုက်ခံပြည်သူတွေကို ဖမ်းဆီးထောင်ချတာတွေကိုလည်း ဆက်လုပ်ဆောင်နေသလို နိုင်ငံတကာထံ လိမ်လည် လှည့်ဖြားနိုင်ရေး တဖက်တွင် စစ်ရာဇဝတ်မှု ကျူးလွန်နေရင်း အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဒီရွေးကောက်ပွဲရလဒ်ကနေ ထွက်ပေါ်လာမယ့် အတုအယောင် ပြည်ထောင်စုလွှတ်တော် ဟာ စစ်အုပ်ချုပ်ရေးကို အထောက်အကူပြုမယ့် ဟန်ပြလွှတ်တော် တွေသာ ဖြစ်မှာလို့ CNF က ဆိုပါတယ်။

Most read this week

February 11, 2026
ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက်...
February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...
February 9, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့...
February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...