ဗန်းမော်တိုက်ပွဲဟာ အရင်းအနှီးများပြီး အချိန်ကြာမယ်ဆိုတာ သိပေမဲ့ လိုအပ်လို့တိုက်တဲ့ တိုက်ပွဲဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ဂွန်မော်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေး အထိမ်းအမှတ်နေ့ အွန်လိုင်း မိန့်ခွန်းထဲမှာ ပြောကြားလိုက်တာပါ။
ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ပြီး ရှိတဲ့အရင်းအနှီးနဲ့ တိုက်တာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်နှစ်ကျော်သွားပြီ။ ကျွန်တော်တို့ ဗန်းမော် တိုက်နေတာ။ ဒီလိုကြာမယ်၊ အရင်းအနှီးများမယ်ဆိုတာ သိသော်လည်းပဲ လိုအပ်လို့တိုက်တဲ့ တိုက်ပွဲ ဖြစ်တယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အရင်းအနှီးနဲ့ ကျွန်တော်တို့ တိုက်နေရတာ ဖြစ်တယ်။ လိုအပ်လို့တိုက်တဲ့ တိုက်ပွဲတွေမှာ အရင်းအနှီးတွေက အများကြီး ပေးရပါတယ်။"လို့ ဆိုပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့က စစ်ကော်မရှင်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့(တပ်ပေါင်းစု) ကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ တစ်နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်လောက်အချိန်အတွင်း မြို့ရဲ့ သုံးပုံ နှစ်ပုံကို KIA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက် မိုးရာသီ နောက်ပိုင်းမှာတော့ စစ်ကော်မရှင်ဘက်က စစ်ဆင်ရေး ပြင်းပြင်းထန်ထန် ပြန်လည်လုပ်ဆောင်လာတာပါ။
၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယအပတ်က မန္တလေးကနေ ကချင်ပြည်နယ်ဘက် သင်္ဘောနဲ့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၁ ရက်နေ့က ဗန်းမော်မြို့ဘက် ဝင်ရောက်လာတဲ့ နောက်ပိုင်းမှာတော့ စစ်ရေးအရှိန်မြင့်လာပြီး KIAပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေဘက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားခဲ့ပြီး တပ်စခန်းအချို့ ကို အပြန်အလှန်သိမ်းပိုက်တာတွေလည်း ရှိခဲ့သလို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ် အရောက်မှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး လက်ရှိအချိန်အထိလည်း တိုက်ပွဲတွေ ရှိနေဆဲပါ။
ဗန်းမော်မြို့လက်မလွှတ်ရရေး စစ်ကော်မရှင်တပ်ဘက်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အားစိုက် တိုက်ခိုက်နေတယ်လို့လည်း သိရှိရပါတယ်။
ဗန်းမော်မြို့ဟာ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းလမ်းပါ ပေါက်ရောက်တဲ့ ဒေသတစ်ခုဖြစ်တဲ့အပြင် နှစ်ဖက်တပ်အတွက် ပထဝီအနေအထားအရ စစ်ရေးနည်းဗျူဟာမှာ အလွန်အရေးပါတဲ့ နေရာဖြစ်တာကြောင့် စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ အပြင်းအထန် တိုက်ခိုက်နေတဲ့ အခြေအနေလို့ ဆိုရမှာ ဖြစ်ပါတယ်။







