ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး လက်ရှိတွင် ဝယ်လိုအားမြင့်တက်မှုကြောင့် အနည်းငယ် ဈေးကောင်းရနေသည်ဟု ရောင်းချသူတို့က ပြောသည်။
ပြီးခဲ့သည့်နှစ်က တစ်ပေကျော်ခန့်ရှိသည့် ထင်းချောင်း ၂၀၀ ကို ကျပ် ၁၃၀၀၀ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိတွင် အမြင့်ဆုံး ကျပ် ၁၈၀၀၀ အထိ အနည်းငယ်ဈေးကောင်းရရှိနေသည်ဟု ကျောက်တော်မြို့နယ်ရှိ တောတောင်ကိုအမှီပြု၍ ထင်းခုတ်ရောင်းချကြသည့်ကျေးရွာတစ်ရွာမှ ထင်းရောင်းချသူ ရခိုင်မျိုးနွယ်စုဝင် မြိုအမျိုးသမီး ဒေါ်ခင်သန်းနုက နိရဉ္စရာကို ပြောသည်။
“မနှစ်ကထက်တော့ ထင်းရောင်းဈေး နည်းနည်းတင်ပြီးရောင်းတာ။ ထင်းခုတ်ရောင်းတဲ့သူတွေ များနေတော့ ငါမရောင်းရင် တခြားသူ အဲဒီဈေးနဲ့ရောင်းတယ်"ဟု ပြောသည်။
မိသားစုစားဝတ်နေရေးကိုဖြေရှင်းရန်အတွက် ယခုကဲ့သို့ ပွင့်လင်းရာသီတွင် တောတောင်များမှ ထင်းခုတ်ကာ အနီးအနားကျေးရွာများအတွင်း သွားရောက်ရောင်းချနေရုံမှလွဲ၍ အခြားအလုပ်လည်း မရှိဟု ဒေါ်ခင်သန်းနုက နိရဉ္စရာကို ဆက်ပြောသည်။
"မိုးရာသီဆို လယ်သမားတွေဆီ စပါးအငှားစိုက်တယ်။ မျှစ်ချိုးတယ်။ ပလိုင်းထဲထည့်ပြီးတော့ အနီးမှာရှိတဲ့ ရွာတွေဆီ သွားရောင်းတယ်။ လက်ရှိမှာတော့ တောင်တက်ပြီး ထင်းခုတ်တယ်"ဟု ပြောသည်။
ဒေါ်ခင်သန်းနုတို့ရွာသည် ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးများနေထိုင်သည့်ရွာဖြစ်ပြီး အိမ်ခြေ ၁ဝဝ ကျော်ရှိသည်ဟု သိရသည်။
အဆိုပါကျေးရွာအတွင်း အိမ်တိုင်းနီးပါးသည် ပွင့်လင်းရာသီတွင် တောင်တက်ပြီး ထင်းခုတ်တတ်ကြသည်ဟု ဆိုကြသည်။
ရရှိလာသည့်ထင်းများကို လိုအပ်သည့်အရွယ်အစားအတိုင်းအတာအထိ ခွဲခြမ်းနေလှန်းပြီး တစ်ဦးလျှင် ထင်းခြောက် အချောင်း ၁ဝဝ မှ ၂ဝဝ ကို ပလိုင်းတစ်ခုထဲထည့်သယ်ကာ အနီးအနားကျေးရွာများသို့ ခြေကျင်သွားရောက်ရောင်းချကြသည်ဟု သိရသည်။
ထင်းချောင်းများကို ထင်းချောင်းအရေအတွက် ရာဂဏန်းအလိုက်ရောင်းချတတ်ကြသည့်အပြင် ထောင်နှင့်ချီ၍လည်း ရောင်းချတတ်ကြသည်။
ရိုးရိုးသစ်ပေါ့သားထင်းဆိုလျှင် ဈေးနည်းပြီး သစ်မာထင်းဆိုလျှင် ဈေးကောင်းရတတ်သည်ဟုလည်း ဆိုကြသည်။
ထင်းချောင်း ရာထောင်ချီဝယ်ယူသူအများစုမှာ မီးသွေးထုတ်ရန်နှင့် အုတ်ဖုတ်ရန်အတွက်ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံအများစုသည် ထင်းခုတ်ရောင်းချပြီး အသက်မွေးကြသည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးကျော်ငြိမ်းက နိရဉ္စရာကို ပြောသည်။
"အများစုကတော့ တောင်တက် ထင်းခုတ်တယ်။ စပါးစိုက်ကြည့်တော့လည်း မြေဆီမြေဩဇာတွေ လိုသလောက် ဝယ်မသုံးနိုင်တာကြောင့် အထွက်နှုန်းကျတယ်။ ကျပန်းအလုပ်နဲ့ ဖြေရှင်းနေတဲ့ သူတွေလည်း ရှိတယ်"ဟု ပြောသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှစတင်၍ မြို့ရွာများအတွင်း လျှပ်စစ်မီးများပြတ်တောက်ခဲ့ရသည့်အတွက် ချက်ပြုတ်စားသောက်ရန် လောင်စာအဖြစ် ထင်းနှင့် မီးသွေးတို့ကိုအများဆုံး အသုံးပြုနေကြရကြောင်း သိရသည်။
စပါးခွံများကို လောင်စာအဖြစ်အသုံးပြု ချက်ပြုတ်စားသောက်ကြသူများလည်း ရှိနေသည်ဟု သိရသည်။







